ဇွန်လ (၁၃)ရက်။
မြဝတီ-ကော့ကရိတ် အမှတ်(၁) အာရှလမ်းမကြီး ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၂၂)သန်းခန့် လျော့ကျခဲ့တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အာရှလမ်းမကြီးဟာ အခုအချိန်အထိ ပိတ်ထားဆဲဖြစ်ကာ နယ်စပ်ကုန်သွယ်မှု လျော့ကျတဲ့အခြေအနေဟာ ၂၀၂၃ခုနှစ်နဲ့ ၂၀၂၄ခုနှစ် ပထမ (၆)လတာကာလတွေကို နှိုင်းယှဉ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အမှတ်(၁) အာရှအဝေးပြေးလမ်းမကြီး ပိတ်ထားတဲ့အတွက် ကုန်စည်နဲ့ သွားလာကူးသန်းဖို့ ဒေါနတောင်ဖြတ်တောလမ်းကို အသုံးပြုနေရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မြဝတီ-ဘားအံလမ်းပိုင်းမှာ စစ်ကောင်စီဘက်က ပူးတွဲထိုင်ထားတဲ့ ဂိတ်စခန်း (၂)ခုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဂိတ်စခန်း (၂၂)ခုထက်မနည်း ရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ပြီးနောက် ကရင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ အဲ့ဒီအထဲ KNU တပ်မဟာ (၅)နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်မှာ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအခါ ကရင်မှာ စစ်ကောင်စီရဲ့ အခြေစိုက်စခန်း (၆)ခုနဲ့ ဗျူဟာစစ်စခန်း (၆)ခုအပါအဝင် တပ်စခန်းပေါင်း (၂၀၀)နဲ့အထက်ကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။
အဲ့ဒီလို သိမ်းပိုက်ရရှိခဲ့တဲ့ထဲ ကရင်ပြည်နယ်မှာ မြို့ (၃)မြို့လဲ ပါဝင်ပြီး KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်နဲ့ တပ်မဟာ (၅) ဖာပွန်ခရိုင်တို့ကဖြစ်တယ်လို့ ISP-MYANMAR ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

