ဇွန်လ (၁၃)ရက်။
ဇွန်လ (၈)ရက်နေ့ကစပြီး (၁၂)ရက်နေ့အထိ (၅)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
CDF-ASHO အနေနဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)အနီး မီတာ (၁၅၀၀)ပတ်လည် နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
အဲ့ဒီလိုလုပ်ဆောင်နေချိန် နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၂၃)ဦးကို နယ်မြေရှင်းလင်းရှာဖွေပြီး ဖမ်းမိခဲ့ကာ သူတို့ဆီကနေ MA-1 (၅)လက်၊ MA-3 (၃)လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းနေရသူတွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းပါဝင်ကြဖို့ CDF-ASHO က တိုက်တွန်းထားတယ်လို့ သိရပါတယ်။



