စက်တင်ဘာလ (၉)ရက်။
ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။
ခုခံတွန်းလှန်စစ်ကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာမှာ စစ်အုပ်စုရဲ့ စစ်လေယာဉ် (၅)စီးနဲ့ ရဟတ်ယာဉ် (၇)စီးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီကာလထဲ စစ်လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့ပြီး စစ်အုပ်စုဘက်က ပျက်ကျခဲ့တဲ့ စစ်လေယာဉ်နဲ့ ရဟတ်ယာဉ် (၈)စီးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ လေယာဉ်တွေ ပစ်ချ/ပျက်ကျခဲ့တဲ့ဖြစ်စဉ်တွေထဲ ထိခိုက်သေဆုံးတာတွေရှိခဲ့ပေမယ့် စာရင်းအသေးစိတ်ကိုတော့ MOD က ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
နောက်ပြီး ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုဘက်က စစ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၆၀၀၀၀)ကျော် သေဆုံးခဲ့ပြီး (၂၇၀၀၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုအချိန်မှာတော့ စစ်အုပ်စုဟာ အင်အားချိနဲ့နေပြီဖြစ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ အဓမ္မစစ်သားစုဆောင်းတာကနေ ရရှိတဲ့ အင်အားတွေနဲ့ ပြန်လည်ဖြည့်တင်းနေတာလို့ MOD က ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်အထိ တိုင်းစစ်ဌာနချုပ်(၂)ခု၊ ဒကစဌာနချုပ်(၁)ခု၊ စကခဌာနချုပ်(၅)ခု၊ စစ်ဗျူဟာအခြေချစခန်း (၆)ခု၊ လေတပ်ဆွယ် (၂)ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း (၈၆)ခု၊ လက်ရုံးနောက်တန်းစခန်း (၅၄)ခုနဲ့ နယ်ခြားစောင့်စခန်း (၁၇)ခုတို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
