စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီတွေ ဆက်လက် မရပ်တည်နိုင်အောင် မတရားတဲ့ အမိန့်နဲ့ ဥပဒေတွေ ထုတ်ပြန်ဆောင်ရွက်တာတွေ ပြည်သူတရပ်လုံးက လက်မခံတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်မြဲ စေရန်ဆောင်ရွက်တာ၊ စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတချို့ကို တရားမဝင် ဖြတ်လမ်းနည်းနဲ့ အာဏာရရှိစေဖို့ နည်းလမ်းမျိုးစုံ အသုံးပြု ဆောင်ရွက်နေတာတွေကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ရွေးကော်ကနေ NLD ပါတီကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံရေးဖြစ်စဥ်ကနေ ဖယ်ထုတ်လိုက်တာက မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေတယ်လို့အမေရိကန်က ထုတ်ပြန်ပြောကြားထားသလို ဗြိတိန်နဲ့ သြစတြေးလျအစိုးရတွေကလည်း ဒီလုပ်ရပ်ကို ရှုတ်ချကြောင်းထုတ်ပြန်ထားပါတယ်။
ဂျပန်အစိုးရကလည်း ဒီလုပ်ရပ်အပေါ် အလေးအနက်စိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ဝင်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။