နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

About Us

Era's Eye

ပြည်သူများသို့ သတင်းမှန် အဖြစ်မှန်များကို အသိပေးခြင်းဖြင့် ပြည်သူများကိုယ်တိုင် ဆုံးဖြတ်စေခြင်းသည် ကျွန်ုပ်တို့ ခေတ်မျက်လုံး၏ ရပ်တည်ချက်ပင် ဖြစ်သည်။

ဘာကြောင့် ခေတ်မျက်လုံးသတင်းမီဒီယာ ပေါ်ပေါက်လာခဲ့သလဲ။

ခေတ်မျက်လုံး သတင်းမီဒီယာ စတင်ပေါ်ပေါက်လာရခြင်းမှာ ဒီမိုကရေစီ တော်လှန်ရေးတွင် တဖက်ပိတ် သတင်းမီဒီယာများ ဖောင်းပွလာ၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ သူတို့ပိုင်သတင်းမီဒီယာများနှင့် သူတို့သာ မှန်သည် သူတို့ကို ဆန့်ကျင်သူများသည် အကြမ်းဖက်သမားများသာ ဖြစ်သည်ဟု ပုတ်ခတ်တိုက်ခိုက်နေသလို သူတို့စစ်တပ်မှ အကြမ်းဖက် သတ်ဖြတ်မှုများကိုမူ ဖုံးကွယ်လိမ်ညာ ထားခဲ့ကြသည်။ ဒီမိုကရေစီတော်လှန်ရေး အင်အားစုများဖက်တွင်လည်း ထောက်ခံရေးသားနေသည့် သတင်းမီဒီယာများသည် ဒီမိုကရေစီ အင်အားစုများအတွင်း အင်အားကြီးသော အဖွဲ့အစည်း ကြီးများ၏ လက်အောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန်သော ရာဇဝတ်မှုများ ပြည်သူများနှင့် ဒေသခံ အဖွဲ့ငယ်လေးများကို လက်နက်အားကိုး ဗိုလ်ကျမှုများကိုမူ နှာစေးနေခဲ့ကြသည်။

ပြည်သူတို့အကျိုး တော်လှန်ရေး သန့်စင်ရေးအကျိုးထက် မိမိသတင်းမီဒီယာ ထောက်ခံမှု မကျစေရေးကို ဇောင်းပေး လုပ်နေခဲ့ကြသည်။ ထို့ကြောင့် ပြည်သူများကြားတွင် တော်လှန်ရေးကို ခုတုံးလုပ် အမြတ်ထုတ်နေမှုများကို မသိရှိနိုင်ဘဲ ဖက်ဒရယ် ဒီမိုကရေစီစိုက်ခင်းကြီးတွင် အမြစ်ပုတ် လှိုက်စားနေသည့် အပင်များကို တူးမထုတ်နိုင် မရှင်းလင်းနိုင်ဘဲ ရှိနေခဲ့ရသည်။ ၎င်းစိုက်ခင်းကြီးတွင် ပိုင်ရှင်များ ရှိကြသည်။ NUG စိုက်ခင်း၊ KNU စိုက်ခင်း၊ KIA စိုက်ခင်း၊ TNLA စိုက်ခင်း၊ AA စိုက်ခင်းစသည့် စိုက်ခင်းပိုင်ရှင်များ အနေနှင့် မျိုးစေ့မမှန် ပင်မသန်သည့် အပင်များကို ရှင်းထုတ်နိုင်ဖို့ လိုသည်။ (မှတ်ချက်။ ရှင်းထုတ်သည်ဆိုရာမှာ ဖြုတ်ထုတ်သတ်လမ်းစဉ် မဟုတ်ဘဲ အဖွဲ့အစည်းမှ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်း၊ ထုတ်ပယ်ဖြစ်ခြင်းကို ဆိုလိုသည်။) ယင်းတို့သည် ဒီမိုကရေစီ တော်လှန်ရေးအပင်များ ရှင်သန်ကြီးထွားလာရေးတွင် ကြီးမားသည့် အဟန့်အတားများ ဖြစ်လာခဲ့သည်။ သို့မှသာ ဖက်ဒရယ်စိုက်ခင်းကြီးက ပီပြင်စွာကြီးထွားလာမည် ဖြစ်သည်။

ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့အနေနှင့် ပထမဆုံး သတင်းမီဒီယာအဖြစ် စတင်လုပ်ဆောင်မှ ဖြစ်တော့မည်ဟု တွန်းအားပေးခဲ့သည့် အချက်ကြီးမှာ ယင်းမာပင်မြို့နယ်တွင် တော်လှန်ရေးသမားများအပါအဝင် အရပ်သား ပြည်သူ (၂၁) ယောက်ကို တော်လှန်ရေး အဖွဲ့အစည်းတခုဖြစ်သည် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဗိုလ်သံမဏိ ဦးစီးသည့် ယင်းမာပင် ဒေသခံတော်လှန်ရေးအဖွဲ့က သတ်ဖြတ်ခဲ့သည့် ကိစ္စတွင် မည်သည့်မီဒီယာမှ မတင်ခဲ့သလို အရေးယူမှုလည်း မရှိဖြစ်နေခဲ့သည်။ ယင်းကိစ္စကို မိမိတို့ရရှိသည့် သတင်းအချက်အလက် အထောက်အထားများနှင့် တင်ပြပေးခဲ့သော်လည်း သတင်းမီဒီယာကြီးများက နှာစေးနေခဲ့ကြသည်။ ဖြစ်စဉ်များတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အချိန်အထိ ၁၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ မည်သည့်မီဒီယာကမှ ဖော်ပြပေးခဲ့ခြင်း မရှိသည့်အတွက် ဗိုလ်သံမဏိ ဦးစီးသည့် ယင်းမာပင် ဒေသခံတော်လှန်ရေးအဖွဲ့က ချင်းပုန်းရွာ လူသတ်မှုကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ထပ်မံ ကျူးလွန်ခဲ့သည်။ ညီအကို (၅) ဦး တရက်တည်းတွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ခေတ်မျက်လုံးသတင်းဌာနကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူများသည် ယင်းဖြစ်စဉ်တွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူ အကိုအကြီးဆုံး ဖြစ်သူထံမှ ကြောက်လန့်ကြေကွဲဝမ်းနည်းဖွယ်ရာ အသံဖိုင်ကို လက်ခံရရှိခဲ့သည်။ ယင်းဖြစ်စဉ်ကို နားထောင်အပြီး မိမိတို့ ဘာမျှမလုပ်နိုင်ခဲ့၍သာ ညီအကို (၅) ဦး ထပ်မံ အသတ်ခံရခြင်း ဖြစ်သည်ကို နားလည်သဘောပေါက်ခဲ့ရပြီး မိမိတို့ ကိုယ်ပိုင် သတင်းဌာနကို တည်ထောင်နိုင်မှသာ လိုအပ်သည့်အချိန်တွင် အချိန်နှင့် တပြေးညီစွာ ဖော်ပြနိုင်မှသာ တန်ဖိုးရှိသည့် လူ့အသက်များကို ကယ်တင်နိုင်မည် ဖြစ်ကြောင်းကို သဘောပေါက်နားလည်ခဲ့ရသည်။ သက်ဆိုင်ရာ NUG ၏ အဖွဲ့အစည်းများကိုလည်း သတင်းပေးပို့ ခဲ့သော်လည်း မည်သူကမျှ မိမိတို့ကဲ့သို့ သာမန်အရပ်သားပြည်သူများ အရေးတယူ မလုပ်ခဲ့ပေ။

နောက်ဆုံး UDLA အပါအဝင် ဒေသခံတော်လှန်ရေးအဖွဲ့များက ကြေညာချက် ထုတ်ပြန်မှသာ ဤသတင်းက ပေါ်လွင်လာပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ စစ်ဆေးမှုများ ဖြစ်လာခဲ့သည်။ ပြည်သူသို့ ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို အချိန်မီဖွင့်ချ အသိပေး ရေးသားရဲသည့် သတင်းမီဒီယာတခု လိုအပ်နေပြီဟု ကျွန်ုပ်တို့က ခံယူ၍ အပစ်မဲ့ပြည်သူနှင့် တော်လှန်ရေးအတွက် ကိုယ်ကျိုးမငဲ့ပဲ အသက်စွန့်လုပ်နေသည့် အရိုးခံတော်လှန်ရေးသမားများကို ကာကွယ်နိုင်ရန် ကိုယ်ပိုင်သတင်း မီဒီယာအဖြစ် ဤခေတ်ကြီးတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ကြည့်၍ ပြည်သူကို တင်ပြနေသည့် ခေတ်၏ မျက်လုံးတစ်လုံးကို ဖန်တီးလိုက်ခြင်းဖြစ်သည်။ 

ခေတ်မျက်လုံး၏ ရပ်တည်ချက်

ခေတ်မျက်လုံးသည် စစ်အာဏာရှင်စနစ် မြန်မာပြည်တွင်ချုပ်ငြိမ်းသွားပြီး လူထုရွေးချယ်မှုနှင့် အုပ်ချုပ်သော ပါတီစုံ ဒီမိုကရေစီ စနစ်ရှင်သန်ရေးကို ဦးတည်သည်။ စစ်အကြမ်းဖက် စိုးမိုးမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ရေးသား ဖော်ပြနေမည် ဖြစ်သလို ဒီမိုကရေစီ အမည်ခံပြီး စစ်အုပ်စုကဲ့သို့ လက်နက်ဖြင့် ပြည်သူလူထုအပေါ် ဗိုလ်ကျစိုးမိုး အနိုင်ကျင့်မှုများ၊ တော်လှန်ရေးအဖွဲ့ငယ်လေးများကို စည်းရုံးရမည့်အစား ခြိမ်းခြောက်အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်မှုများကိုလည်း ဖော်ထုတ်ပြီး ထိုလုပ်ရပ်များကို ပြည်သူသို့ တင်ပြပြီး ကျူးလွန်ရာတွင် တာဝန်ရှိသူများကို ၎င်းတို့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အရေးယူဆောင်ရွက်နိုင်ရန် ဖော်ထုတ်သွားမည်ဖြစ်သည်။ စစ်တပ် အကြမ်းဖက်နေမှုကိုသာ ဝေဖန်ပြီး ဒီမိုအင်အားစုအမည်ခံ အဖွဲ့အစည်းများက အလားတူ ကျူးလွန်မှုများကို လျစ်လျူထားသည့် မီဒီယာအဖြစ် ကျွန်ုပ်တို့ မရပ်တည်နိုင်ပါ။  ပြည်သူများနှင့် အသက်စွန့်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေး အင်အားစုများအပေါ် မတရားလုပ်ရပ်များကို ကျူးလွန်နေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို မျက်နှာ မထောက်ဘဲ ဖွင့်ချရေးသားသွားမည် ဖြစ်သည်။  ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့သည် တော်လှန်ရေးကို ထိခိုက် အားနည်း စေမည့် ပြစ်မှုများကို တော်လှန်ရေးအဖွဲ့အစည်းများမှ မကျူးလွန်စေရန် ကလောင်လက်နက်ဖြင့် တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ ပြည်သူများသို့ သတင်းမှန် အဖြစ်မှန်များကို အသိပေးခြင်းဖြင့် ပြည်သူများကိုယ်တိုင် ဆုံးဖြတ်စေခြင်းသည် ကျွန်ုပ်တို့ ခေတ်မျက်လုံး၏ ရပ်တည်ချက်ပင် ဖြစ်သည်။