စစ်ကိုင်းတိုင်း မုံရွာမြို့ ကြေးမုံကျေးရွာအနီးက Local PDF စခန်းငယ်တခုကို မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အလစ်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစီးနင်းခံရမှုမှာ တော်လှန်ရေး ရဲဘော်လေးဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
စက်တင်ဘာလ (၆) ရက်နေ့ မနက် (၆) နာရီလောက်မှာ စစ်ကောင်စီတပ်ဟာ အင်အား (၈၀)လောက်နဲ့ ကြေးမုံရွာ အနီးက LPDF စခန်းကို စီးနင်း၀င်ရောက် တိုက်ခိုက်ခဲ့တာပါ။
ဒီလို စခန်း စီးနင်းတိုက်ခိုက်ခံရတာဟာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာနဲ့ နီးကပ်တာကြောင့် ဖြစ်ပြီး အလစ်ချောင်းကာ အချိန်ပိုင်းအတွင်း အင်အားသုံး စီးနင်းဝင်ရောက် တိုက်ခိုက်တာကြောင့် တော်လှန်ရေး ရဲဘော်တွေ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကြေးမုံရွာအနီး စစ်အုပ်စုနဲ့ PDF တွေ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး PDF အလောင်း ခြောက်လောင်း၊ ကာဘိုင်သေနတ် တစ်လက်၊ ကျည်အိမ်၊ ကျည်၊ လက်လုပ်စိန်ပြောင်း (၁၀)လက်၊ ရှော့တိုက်ဒုန်း၊ လက်လုပ်(၄၀မမ)၊ လက်လုပ်လက်ပစ်ဗုံး (၇၀) လုံးနဲ့ တဲသုံးလုံး သိမ်းဆည်းရရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။