ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် တရုတ်ပြည်တွင် လူအများအပြား သေဆုံးခဲ့ကြပြီးနောက် အမေရိကန်နှင့် ကမ္ဘာအနှံ့ ပြန့်ပွားသွားပြီး လူအများသိန်းနဲ့ချီ သေဆုံးခဲ့ကြရသည်။ ဥရောပမှာလည်း ထိုနည်းလည်းကောင်း အသေအပျောက်များ ခဲ့ကြသည်။
ထို့ကြောင့် တိုင်းပြည်များတွင် ရောဂါဖြစ်သည့် နေရာတို့တွင် လော့ဒေါင်းချခြင်း တနိုင်ငံနှင့်တနိုင်ငံ ကူးလူး သွားလာခြင်းများကို ကန့်သတ်ခြင်း ပိတ်ပင်ခြင်းတို့ကြောင့် အလုပ်ရုံများ ပိတ်ရခြင်း၊ ကုန်ပစ္စည်းများ ပို့ဆောင်သည့် ကုန်စည်စီးဆင်းမှုများ အထူးသဖြင့် သယ်ဆောင်သည့် မော်တော်ယာဉ်များနှင့် ယာဉ်မောင်းများ၊ သွားလာရန် ခက်ခဲလာခြင်း၊ လေယာဉ်ခရီးစဉ်များ လျော့ချရခြင်း၊ ခရီးစဉ်များ ရပ်ဆိုင်းရခြင်း တို့ကြောင့် အလုပ်အကိုင်များ ရပ်ဆိုင်းခြင်းနှင့် အချို့ သင်္ဘောနှင့်တင်ပို့သည့် ကုန်စည်များပါ ရပ်ဆိုင်းသွားခြင်းကြောင့် စီးပွားရေး ကျဆင်းလာခဲ့ပြီး ကုန်ဈေးနှုန်းများ တက်လာခဲ့ကာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေခဲ့သည်။
ကိုဗစ်ကပ်ရောဂါသည် တကမ္ဘာလုံး ကူးသန်း ရောင်းဝယ်မှုနှင့် ခရီးသွားလာမှုများကို ရပ်တံ့စေခဲ့သလို နိုင်ငံအသီးသီး၏ ပြည်တွင်း ကူးသန်းရောင်းဝယ်မှုနှင့် ခရီးသွားလာမှုတို့ကိုလည်း ရပ်တံ့စေခဲ့သည်။
စက်မှုနိုင်ငံအများအပြားသည် ကမ္ဘာမှုပြုခြင်း (Globalization) ဖြင့် ကမ္ဘာကြီးသည် စီးပွားရေးတွင် စည်းခြားမှု မရှိတော့ဘဲ စက်မှုနိုင်ငံများ သည် လုပ်ခဈေးပေါပြီး ကျွမ်းကျင်လုပ်သား ပေါများသော နိုင်ငံများသို့ မိမိတို့စက်ရုံ၊ အလုပ်ရုံများကို ရွှေ့ပြောင်းပြီး ကုန်ထုတ်လုပ်မှုကို မိမိဌာနေနိုင်ငံမှနေပြီး အလုပ်သမား ဈေးပေါသည့် နိုင်ငံများသို့ နေရာပြောင်းလဲ လုပ်ခဲ့ကြသည်။
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၏ အလုပ်ရုံ စက်ရုံများနှင့် အလုပ်များကို လုပ်ခဈေးပေ ါသော နိုင်ငံများသို့ ပြောင်းရွှေ့လာမှုကို လက်ခံလုပ်ကိုင်ပေးကြသော နိုင်ငံများမှာ အာရှတွင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ် အင်ဒိုနီးရှားတို့ပါဝင်ပြီး အာဖရိကနိုင်ငံများ ပါဝင်သည်။ ထိုသို့ ပြုလုပ်ခြင်းကို ပြည်ပရင်းမြစ် ရှာဖွေ လုပ်ဆောင်ခြင်း (Outsourcing) ဟုခေါ်သည်။
တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်နှောင်းပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ (CCPCC) ၏ ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာသစ်တစ်ရပ်အဖြစ် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ချမှတ်ခြင်းဖြင့် စတင်ခဲ့သည်။
ထိုအချိန်မှစ၍ တရုတ်နိုင်ငံသည် တစ်ပါတီဗဟိုဦးစီးစနစ်ဖြင့် နိုင်ငံရေးဦးဆောင်မှုကို ယူထားပြီး လွတ်လပ်သော ဈေးကွက်ကို ဖော်ဆောင်သည့် အရင်းရှင်စီးပွားရေး ပေါ်လစီကို တွဲဖက်ချမှတ်ခါ ဆက်လက်ဆောင်ရွက်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေး ဦးဆောင်မှုပေးပြီး စီးပွားရေး လွတ်လပ်ခွင့်များကို ဖွင့်ပေးခဲ့သဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကိုသာ လုပ်ဆောင်ခွင့် ရှိခဲ့ရာမှ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် စီးပွားရေး ကော်ပိုရေးရှင်းများ၊ ပုဂ္ဂလိကဘဏ်များ ပေါ်ထွန်းလာခဲ့ပြီး စီးပွားရေး တိုးတက်လာခဲ့သည်။
ထို့အပြင်၊ တရုတ်မြို့ကြီးများ၏ စီးပွားရေးဂေဟစနစ်သည် ကုန်ထုတ်လုပ်သောနိုင်ငံခြား ကုမ္ပဏီများကို ကုန်ကျစရိတ် သက်သာစွာဖြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်စေခဲ့သည်။
တရုတ်စက်မှုမြို့များသည် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေး ကွင်းဆက်ကို ပံ့ပိုးပေးသည့် စနစ်တစ်ရပ်ကို တည်ထောင်ခဲ့ကြသည်။
တရုတ်စက်ရုံတစ်ခုသည် ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူများ၊ ကုန်ကျစရိတ်နည်းသော အလုပ်သမားများ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်လုပ်သား အင်အားများရှိပြီး၊ ပစ္စည်းမျိုးစုံကိုမှာယူ တပ်ဆင့် ရောင်းချသူများနှင့် ဖောက်သည်များ၏ လိုအပ်ချက်ကို အလွယ်တကူ ဆောင်ရွက်ပေးနိုင်သည်။
ဤအစီအစဉ်သည် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချပေးကာ ထုတ်လုပ်သူများသည် ထုတ်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် အများအပြား ထုတ်လုပ် ရောင်းချနိုင်စေပါသည်။
ထို့ပြင် နိုင်ငံခြားကုမ္ပဏီတခုသည် တရုတ်နိုင်ငံရှိ မိမိလုပ်ငန်း၏ လိုအပ်သည့် အခြေခံကုန်ကြမ်းပစ္စည်းများကို မိမိနိုင်ငံ သို့မဟုတ် အခြားနိုင်ငံများမှ တင်သွင်းရန် မလိုအပ်ဘဲ တရုတ်နိုင်ငံတွင်း၌ လိုအပ်သမျှ အားလုံး ရရှိနိုင်သည့်အတွက် သွင်းကုန်ခွန် ပေးရန်လည်း မလိုအပ်သဖြင့် ကုန်ကျစရိတ်များကို ပိုမိုသက်သာစေရန် အခြေအနေကို ဖန်တီးပေးသည်။
ထိုကဲ့သို့ အခြေခံကောင်းများ ရှိလာသည့် တရုတ်နိုင်ငံသို့ အမေရိကန်ကုမ္ပဏီကြီးများနှင့် ဥရောပကုမ္ပဏီကြီးများ ရွေ့ပြောင်းပြီး မိမိထုတ်ကုန်များကို တရုတ်ပြည်တွင် ထုတ်လုပ်စေခြင်းဖြင့် အမြတ်ငွေ ပိုမိုရရှိလာခဲ့ကြသည်။
ထိုကဲ့သို့ Outsourcing ပြင်ပနိုင်ငံ တနိုင်ငံကို ပြောင်း၍ ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်းကြောင့် တရုတ်နိုင်ငံသည် နိုင်ငံရပ်ခြားမှ ခေတ်မီနည်းပညာများ၊ စက်ပစ္စည်းများကို ရရှိပိုင်ဆိုင်လာခဲ့ပြီး ပြောင်းရွှေ့လုပ်ကိုင်သည့် ကုမ္ပဏီသည်လည်း လုပ်ခဈေးနှုန်း ချိုသာစွာပေးရသဖြင့် အမြတ်ငွေ ပိုမိုရရှိပြီး နှစ်ဦးနှစ်ဖက် အကျိုး အမြတ်များ ရရှိခဲ့သည်။
ထိုသို့စီးပွားရေး တိုးတက်လာမှုနှင့် အတူ တရုတ်၏ လူမှုအဆင့်အတန်းလည်း မြင့်မားလာခဲ့ပြီး လုပ်ခဈေးနှုန်းများလည်း တက်လာခဲ့သည့်အတွက် ရင်းနှီးထားသည့် ကုမ္ပဏီများသည် အမြတ်နည်းလာခဲ့ပြီး လုပ်ခဈေးပေါသည့် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သို့ ရွှေ့ပြောင်းလုပ်ကိုင်စေခဲ့သဖြင့် ထိုနိုင်ငံများတွင် အလုပ်သမားများ အလုပ်အကိုင် ရရှိကြပြီး ကမ္ဘာကြီးနှင့် ချိတ်ဆက်လာခဲ့ကြသည်။
ထို့ကြောင့် ကမ္ဘာကြီးသည် ကွဲပြားမနေတော့ဘဲ ရွာကြီး တစ်ခုအသွင် ပြောင်းလာခဲ့သည်ဟု တင်စားပြောဆိုလာကြသည်။
ထို့ကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်မှုကဏ္ဍကို ပိုင်ဆိုင်လာပြီး ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ ကုန်ထုတ် လုပ်မှု၏ ၂၈.၇% ကို ထုတ်လုပ်ခဲ့သည်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံတွင် လုပ်ငန်းတခု လုပ်ကိုင်မည်ဆိုပါက အဆိုပါ လုပ်ငန်းအတွက် ထုတ်ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရန် မလိုအပ်ဘဲ ထုတ်လုပ်နိုင်သည့်အတွက် သွင်းကုန်ခွန် ပေးရသည့် ကုန်ကျစရိတ်လည်း မရှိတော့ချေ။
အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများအနေနှင့် တရုတ်နိုင်ငံတွင် အလုပ်သမား သန်းနှင့်ချီ၍ရှိပြီး လုပ်ခလည်း ဈေးပေါ်ပြီး လိုအပ်သည့် ကျွမ်းကျင်မှုလည်း ရှိကြသည့်အတွက်ကြောင့်လည်းကောင်း၊ တရုတ်နိုင်ငံ စီးပွားရေးဖွံဖြိုး တိုးတက်လာလျှင် ပညာတတ် လူလတ်တန်းစားများ ပေါ်ပေါက်လာပြီး၊ ကွန်မြူနစ်နိုင်ငံအဖြစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ် ကွန်မြူနစ်စနစ်ကို တိုက်ရန်မလိုဘဲ သူ့အလိုလို ပြောင်းလဲသွားစေမည်ဆိုသည့် ရည်ရွယ်ချက်လည်း ရှိခဲ့သည်။
သို့ရာတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ ထင်သလို တရုတ်သည် စီးပွားရေး တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လူလတ် တန်းစားများ လူမလိုင်အလွှာများ ပေါ်ပေါက်လာခဲ့သော်လည်း တပါတီစနစ်နှင့် အုပ်ချုပ်နေသော ကွန်မြူနစ် ဗဟို ချုပ်ကိုင်မှုသည် ယိမ်းယိုင်ပြောင်းလဲသွားခြင်း မရှိဘဲ ပိုမိုခိုင်မာလာသလို စီးပွားရေး တောင့်တင်းလာသဖြင့် တိုင်းပြည်မှ ရရှိလာသည့် အခွန်ငွေများဖြင့် စစ်အင်အား တည်ဆောက်မှုကို အားသွန်ခွန်စိုက် လုပ်နိုင်ခဲ့သည်။
စီးပွားရေးအရ ချမ်းသာ ကြွယ်လာသော တိုင်ကွမ်သူဌေးကြီးများနှင့် အထက်တန်းလွှာ လူတန်းစားများ၊ ပညာတတ်လူလတ်တန်းစားများ ပေါ်ပေါက် လာသော်လည်း ကွန်မြူနစ်ပါတီကို ဝေဖန်ပါက အပြစ်ပေးခြင်းကို ခံရသည်။
ဥပမာ အလီဘာဘာ ကုမ္ပဏီ တည်ထောင်သူ ဘီလီယံနာ သူဌေးကြီးဂျက်မာသည် အစိုးရကို ဝေဖန်သဖြင့် အပြစ်ပေးခံရတော့မည့် အရေးကြောင့် တိုင်းပြည်မှ ထွက်ပြေးခဲ့ရသည်။
ပါတီစုံစနစ် မဟုတ်သည့်အတွက် ပါတီမှ ချမှတ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ပေါ်လစီများကို အတိုက်အခံ မရှိဘဲ လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြသည်။
လေယာဉ်တင် စစ်သင်္ဘောကြီးများနှင့် ခေတ်မီလေတပ်၊ ကြည်းတပ်ရေတပ်ကြီးတို့ ဆယ်စုနှစ် ၅၀ အတွင်း တိုးတက်ဖြစ်ပေါ်လာခဲ့သည်။
တရုတ်သည် အင်အားကြီးထွားလာသည်နှင့်အမျှ တိုင်ဝမ်ကျွန်းနိုင်ငံလေးကို သိမ်းပိုက်ရန် ခြိမ်းခြောက်မှု၊ တောင်တရုတ်ပင်လယ်တွင်ရှိ ကျွန်းများကို သူပိုင်ကျွန်းများအဖြစ် ကြေညာကာ စစ်တပ်ချထားပြီး အဆောက်အအုံများ ဆောက်လုပ်သိမ်းပိုက်သည့် အတွက် ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် အချင်းများနေသည့် အခြေအနေအထိ နယ်မြေချဲ့ထွင်လာခဲ့သည်။
ထိုအခြေအနေမှ ကိုဗစ်ကပ်ရောဂါ ဖြစ်လိုက်သည့်အခါ ကမ္ဘာ့ကူးသန်းသွားလာရေးများ ရပ်ဆိုင်းသွားခြင်း၊ အကန့် အသတ်ဖြင့်သာ ကူးသန်းခွင့်များကိုပေးခြင်း၊ ခရီးသွားမည့်နိုင်ငံသို့ ဝင်ရောက်သည့်အခါ ဆေးစစ်ရခြင်း၊ မိမိနိုင်ငံမှ ထွက်သည့်အခါ ရောဂါကင်းစင်ကြောင်း ဆေးစစ်ထားသည့် လက်မှတ် ကိုင်ဆောင်ရခြင်း၊ စက်ရုံအလုပ်ရုံများတွင် အလုပ်သမားများ အလုပ်မဆင်းတော့ခြင်း၊ အလုပ်ရုံများ ပိတ်ထားရခြင်းကြောင့် ထုတ်နေကြပစ္စည်းများ မထုတ် လုပ်နိုင်ဘဲ ဖြစ်လာခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်ကုန်သဖြင့် ဆဲလ်ဖုံးကုမ္ပဏီများ၊ ဉာဏ်ရည်တုစက်များ၊ စက်ရုပ်များ၊ မော်တော်ကားကုမ္ပဏီများအတွက်လိုအပ်သည့် ဆီမီးကွန်ဒတ်တာ (တပိုင်းလျှပ်ကူးပစ္စည်း) များကို အဓိက ထုတ်လုပ် ပေးသည့် တရုတ်ကုမ္ပဏီများတွင် ပစ္စည်းများ ပြတ်လတ်သွားခြင်း၊ လိုအပ်သလောက်မပေးနိုင်တော့ခြင်း၊ အရေးကြီး လုပ်ငန်းမှန်သမျှ အကြောသေသလို ရပ်ဆိုင်းပြီး အကြပ်ရိုက်စေခဲ့သည်။
ထိုအတွေ့အကြုံကိုယူပြီး အရေးပေါ်အခြေအနေတွင် ပြည်ပနိုင်ငံများတွင် ကုန်ပစ္စည်းထုတ်လုပ်မှုများကို အသားပေး ထုတ်လုပ်စေခြင်းကြောင့် ပြည်ပနိုင်ငံကို လိုအပ်သည့် ပစ္စည်းထုတ်လုပ်ရန် မှီခိုနေရသည့်အတွက် ကြီးမားသည့် အခက်အခဲကို ဖြစ်စေသည်ကို သဘောပေါက်လာခဲ့ပြီး ထိုကဲ့သို့သော အခြေအနေမျိုး ထပ်ဖြစ်လာလျှင် ပြည်တွင်း ထုတ်လုပ်နေသော လုပ်ငန်းများရပ်တန့် မသွားစေရေးအတွက် အရေးကြီးသည့် အလွန်သေးငယ်ပြီး အားကြီးသည့် ဆီမီးကွန်ဒတ်တာများ၊ အရေးကြီးသည့် ထောက်ပံ့ရေးကွင်းဆက်များ နှင့် အခြားခေတ်မှီ အီလက်ထရောနစ်ပစ္စည်းများကို မိမိပြည်တွင်းမှ ထုတ်လုပ်ကြမှ ဖြစ်တော့မည်ဆိုသည့် ဦးတည်ချက်သို့ ပြောင်းလဲလာခဲ့ကြသည်။
ယနေ့ခေတ်ပေါ် လျှပ်စစ်ကားများ၊ ဆဲလ်ဖုန်းများ၊ အင်အားကြီးမားသော စူပါကွန်ပြူတာများတွင် အားကောင်းသော စီမီးကွန်ဒတ်တာ ချစ်ပ်စ်ပြားလေးများသည် မရှိမဖြစ် ပစ္စည်းများဖြစ်ပြီး ထိုပစ္စည်းများကို အမေရိကန်က ဒီဇိုင်းထုတ်ပြီး အဓိကထိုင်ဝမ်နှင့် တရုတ်ပြည်ရှိ ကုမ္ပဏီများက ထုတ်လုပ်သည်။
အားကြီးသည့် နာနို ၂ဆီမီးကွန်ဒတ်တာ ချစ်ပ်စ်ပြားကို ထိုင်ဝမ်ကသာ ထုတ်လုပ်နိုင်သည်။ ထိုကဲ့သို့ ထုတ်လုပ်နိုင်ရန် စလုပ်သည့်ကုမ္ပဏီအနေနှင့် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူမှ ဖြစ်နိုင်သည်။
ကမ္ဘာ့အရေးအကြီးဆုံး ခေတ်သစ်အရင်းအမြစ်ဖြစ်သည့် မိုက်ခရိုချစ်ပ်စ်နည်းပညာသည် အမေရိကန်နှင့် တရုတ်တို့ အကြား ပဋိပက္ခ ပိုများလာသဖြင့် ထိန်းချုပ်ရန် ချစ်ပ်စ်စစ်ပွဲ (Chip War) ဖြစ်လာခဲ့သည်။
မိုက်ခရိုချစ်ပ်စ်များသည် ခေတ်သစ်ကမ္ဘာပေါ်တွင် မှီခိုအားထားရသော ရှားပါးသော အရင်း အမြစ်ဖြစ်သည့် ရေနံကဲ့သို့ အလွန် အရေးပါသည့်အတွက် “ရေနံအသစ်” ဟု တင်စားသည်ကိုသိလျှင် အံ့သြမိပေလိမ့်မည်။
ယနေ့ခေတ်တွင် စစ်ရေး၊ စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေး ပါဝါများသည် ကွန်ပျူတာချစ်ပ်စ်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက် ထားသည်။ အားလုံးနီးပါး ဒုံးပျံများမှသည် မိုက်ခရိုဝေ့ဖ်များ၊ စမတ်ဖုန်းများ၊ စတော့ရှယ်ယာ ဈေးကွက်အထိ အားလုံးနီးပါးသည် ချစ်ပ်စ်များပေါ်တွင် အလုပ်လုပ်သည်။
မကြာသေးမီကာလအထိ အမေရိကသည် အလျင်မြန်ဆုံး ချစ်ပ်စ်များကို ဒီဇိုင်းထုတ်ပြီး တည်ဆောက်ကာ နံပါတ် ၁ စူပါပါဝါအဖြစ် ဆက်လက်ဦးဆောင်ခဲ့သည်။
ယခုအခါ ထိုင်ဝမ်၊ ကိုရီးယား၊ ဥရောပနှင့် တရုတ်နိုင်ငံတို့ရှိ ပြိုင်ဘက်များ၏ တိုးတက်လာမှုသည်အမေရိကန်ကို ချိမ်းခြောက်လာခဲ့သည်။
ယနေ့တွင် ချစ်ပ်စ်စစ်ပွဲ (Chip War) သည် ထုတ်ဖော်ပြသသည့်အတိုင်း ရေနံတင်သွင်းခြင်းထက် ချစ်ပ်စ်များ တင်သွင်းရာတွင် တစ်နှစ်ထက်တစ်နှစ် ငွေပိုမိုသုံးစွဲသည့် တရုတ်နိုင်ငံသည် အမေရိကန်ကို လိုက်မီရန် Chip တည်ဆောက်ရေး အစပျိုးမှုတွင် ဘီလီယံနှင့်ချီ၍ သွန်းလောင်း အကုန်အကျခံလျက်ရှိသည်။ အမေရိကန်၏ စစ်ဘက်ဆိုင်ရာ သာလွန်မှုနှင့် စီးပွားရေး သာယာဝပြောရေးတွင်ချစ်ပ်စ်ထုတ်လုပ်ခြင်းသည် အဓိကဇောင်းပေးသည့်အချက်ဖြစ်လာသည်။
ချစ်ပ်စ်ထုတ်လုပ်ရာတွင် အမေရိကန်ကဒီဇိုင်းထုတ်ပေးပြီး ထိုင်ဝမ်က အဆင့်အမြင့်ဆုံးကုန်ချော ချစ်ပ်စ်များအဖြစ် ထုတ်လုပ်ပေးနေပြီး ယခုနှစ်ပိုင်းတွင် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်က ထိုင်ဝမ်သည် မိမိတရုတ်ပိုင် ဖြစ်သည်ဟု တင်းတင်းမာမာဖြစ်လာပြီး ထိုင်ဝမ်ကို တရုတ်က အင်အားသုံး သိမ်းသင့်သိမ်းမည့် အခြေအနေပြ ချိမ်းခြောက်မှု များကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး တရုတ်ဂျက် တိုက်လေယဉ်များ၊ တရုတ်ရေတပ်သင်္ဘောများ ထိုင်ဝမ်ကျွန်း လေကြောင်း ပိုင်နက်ကို ကျူးကျော် ဝင်ရောက်လာမှုများ ဖြစ်လာခဲ့သည်။
အကယ်၍ တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်လိုက်ပါ က ထုတ်လုပ်နေသည့် အဆင့်မြင့် ချစ်ပ်စ်နည်းပညာသည် တရုတ်လက်ထဲသို့ လုံးဝကျရောက်သွားတော့မည် ဖြစ်သည်။
ထိုအချက်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အမေရိကန်သမတ ဂျိုးဘိုင်ဒင်က ကမ္ဘာ့ထိပ်တန်း ထိုင်ဝမ်ချစ်ပ်စ် ထုတ်လုပ်သည့်ကုမ္ပဏီ TSMC ကို အမေရိကန်တွင် လာရောက်စက်ရုံတည် ဆောက်ရန် အမေရိကန်အစိုးရက ဖိတ်ခေါ်ခဲ့ပြီး ယခုအခါ အာရီဇိုးနားတွင် စတင်တည်ဆောက်နေပြီဖြစ်သည်။
စီးပွားရေးသမိုင်းပညာရှင် Chris Miller က ခေတ်သစ်လူနေမှုဘဝတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပုံနှင့် ချစ်ပ်စ်ဒီဇိုင်းနှင့် ထုတ်လုပ်ရေးတွင် အမေရိကန်က လွှမ်းမိုးလာပုံနှင့် ဤနည်းပညာကို စစ်ဘက်ဆိုင်ရာစနစ်များတွင် အသုံးချပုံကို ရှင်းပြသည်။
စစ်အေးတိုက်ပွဲတွင် အမေရိကန်၏အောင်ပွဲနှင့် ၎င်း၏ ကမ္ဘာ့စစ်တပ်ကြီးစိုးမှုသည် အခြားအာဏာများထက် ကွန်ပြူတာစွမ်းအားကို ပိုမိုထိရောက်စွာ အသုံးချနိုင်မှုမှ အရင်းခံပါသည်။ သို့သော် ဤနေရာတွင်လည်း တရုတ်သည် ၎င်း၏ ချစ်ပ်စ်ပြားတည်ဆောက်ရေး ရည်မှန်းချက်များနှင့် စစ်ဘက်ခေတ်မီရေးတို့ကိုတွဲ၍ နောက်မှကပ်လိုက်နေပါသည်။ အမေရိကန်သည် ကမ္ဘာတစ်ဝှမ်း ချစ်ပ်စ်ပြတ်လပ်မှုကို သာမက ကွာဟချက်ကို ပေါင်းကူးရန် အရှိန်အဟုန်ပြင်းပြင်းနှင့် မှီလာသော စူပါပါဝါရန်သူ တရုတ်နှင့် စစ်အေးတိုက်ပွဲသစ် အတွက် ပံ့ပိုးပေးသည့် ချစ်ပ်စ်တည်ဆောက်မှုလုပ်ငန်းစဉ်၏ အဓိကအစိတ်အပိုင်းများကို ၎င်း၏ဆုပ်ကိုင်မှုမှ လွတ်ထွက် မသွားစေရန် ပြည်တွင်းထုတ်စက်ရုံများကို အရင်းအနှီး ဘီလီယံများစွာ ထည့်ဝင်နေပြီး ချစ်ပ်စ်ထုတ်လုပ်မှုတွင် ထိပ်တန်းမှ နေရာ ယူထားသည့် တိုင်ဝမ်ရှိ TSMC ချစ်ပ်စ်ထုတ်လုပ်ရေး ကုမ္ပဏီကို အမေရိကန်တွင် လာရောက် စက်ရုံ တည်ဆောက်ရန် အမေရိကန်အစိုးရက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့တောင်ပိုင်းအုပ်စု (Global South) ခေါင်းဆောင် အိန္ဒိယသည်လည်း ဆီမီးကွန်ဒတ်တာများနှင့် ချစ်ပ်စ်ထုတ်လုပ်ရေးကို သူ့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကို ဖိတ်ခေါ်ထားပြီး ချစ်ပ်စ်ထုတ်လုပ်ရေးပြိုင်ပွဲသို့ ခြေစုံပစ်ဝင်ရန် တာစူလာခဲ့ပြီ ဖြစ်သည်။
အနာဂတ်ကာလတွင် ချစ်ပ်စ်စစ်ပွဲတွင် အနိုင်ရသူ၊ အဆင့်မြင့်ချစ်ပ်စ်ဈေးကွက်ကို လွှမ်းမိုးထားနိုင်သူက ကမ္ဘာ့ထိပ်တန်း နိုင်ငံဘဝတွင် ရှိနေပေလိမ့်မည်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်။