ထိုင်းနိုင်ငံရဲ့ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြား ဆုပေးပွဲတွင် သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “ ကျောက်ဖရားမှ ဧရာဝတီသို့” ဇာတ်ကားက “ Best Drama Arts Element Award” ဆုကို ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ရုပ်ရှင်ဆုပေးပွဲကို ဇွန်လ (၁၀) ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အမျိုးသားအနုပညာပြခန်း၊ ယဥ်ကျေးမှုဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တာပါ။
သရုပ်ဆောင်ဒေါင်းက အဲ့ဒီဇာတ်ကားရဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် ထိုင်းအမျိုးသားသရုပ်ဆောင်က အဲ့ဒီဆုကို ရရှိသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ပထမဆုံး ဆန်ခါတင်စာရင်းဝင်ခြင်း ဖြစ်တာကြောင့် ဒေါင်းအတွက် ဂုဏ်ယူကြောင်း ပရိသတ်တွေက ပြောကြားပါတယ်။
အဲဒီပွဲကို သရုပ်ဆောင်ဒေါင်းက မြန်မာဝတ်စုံနဲ့ တတ်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အမာခံပရိသတ်များရဲ့ အမှတ်တရလက်ဆောင် ကြယ်သီးနဲ့ မြန်မာပြည်မြေပုံ ရင်ထိုးတို့ကို ဝတ်ဆင်ခဲ့ပါတယ်။
“ ကျောက်ဖရားမှ ဧရာဝတီသို့” ရုပ်သံဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့လအတွင်းက ပြုလုပ်ခဲ့တဲ့ Nine Entertainment ဆုပေးပွဲမှာလည်း ဆုနှစ်ဆု ရရှိခဲ့ပါတယ်။
အဲဒီဇာတ်ကားမှာ ဒေါင်းက မြဝတီမင်းကြီး ဦးစအဖြစ် ပါဝင်ထားပြီး ထိုင်းနိုင်ငံမှ အနုပညာရှင်များနဲ့အတူ သရုပ်ဆောင်ထားပါတယ်။
Era’sEye/Photo/CRD