စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့နယ်က သာဇင်ကျေးရွာ ကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ အဲဒီလို မီးရှို့ဖျက်ဆီးတာကြောင့် သာဇင်ရွာက အိမ်ခြေ (၆၀၀) ကျော်ဟာ မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ သာဇင်ရွာက PDF လက်နက်ထုတ်လုပ်ရေး စခန်းကို ပါ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TZ People Defense Force အဖွဲ့ဆီက သိရပါတယ်။
အင်အား တစ်ရာကျော်နဲ့ စစ်တပ်က က စစ်ကြောင်း (၃) ကြောင်းခွဲပြီး စီးနင်းခဲ့တာ ဖြစ်ပြီး လက်နက်တွေနဲ့ မိုင်းထုတ်လုပ်မှုနဲ့ဆက်စပ် ပစ္စည်းတွေ ပါ မီးထဲ ပါသွားခဲ့ရတာဖြစ်ပါတယ်။ မီးလောင် ဆုံးရှုံးရတဲ့ လက်နက်နဲ့ မိုင်းထုတ်လုပ်ရေးပစ္စည်းတွေဟာ ငွေကျပ် သိန်း ၁၂၀ တန်ဖိုးရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ရွာထဲကို စစ်ကြောင်းဝင်စီးတာ ကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ကြရပြီး အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး ကတော့ မီးလောင်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေကို ပါ ဖမ်းဆီးခဲ့ကြပြီး အမျိုးသမီးတွေကိုတော့ ဒီကနေ့ ဇွန်လ ၁၅ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒေသခံ အယောက် ၂၀ ဝန်းကျင်ကို တော့ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။
Era’sEye | Photo – CRD | REF:BBC