စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်ဂိတ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၁၃ ရက် ညအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ၄ ဦး သေဆုံးပြီး လက်နက် ၄ လက်ပါရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဆီက သိရပါတယ်။
မြို့ရဲ့အနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ တွေက သွားရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ် ၁ ဦး၊ ရဲတပ်သား ၂ ဦး၊ ပျူစောထီအဖွဲ့ဝင် ၁ ဦးတို့ သေဆုံးခဲ့တာလို့ဆိုပါတယ်။
အဆိုပါ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက်တနေ့ မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်မှာလည်း အထက်ပါ စစ်ကောင်စီပူးပေါင်းဂိတ်ကို Depeyin Local Mobile Teamအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၆ ဦးသေဆုံးခဲ့ကာ MA1 ၂ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ ကျည်ဘောက်၊ ကျည်ဆံ၊ အီနာဂါ ၂ လုံး၊ ပို့ကျည် ၂ တောင့်၊ ဖုန်း၊ ကျည်ကာစတဲ့ပစ္စည်းတွေကိုပါ ရရှိခဲ့တယ်လို့ သိရပါတယ်။