ကယန်းအမျိုးသားတိုးတက်ရေးပါတီ KNPPက တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)မှာပျက်ပြယ်သွားပြီဖြစ်ပြီး စစ်ကောင်စီကို အယုံအကြည်မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။
NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို စစ်ကောင်စီကကျင်းပနေတာဖြစ်ပြီး KNPP အနေနဲ့ကတော့ တက်ရောက်သွားမှာမဟုတ်ဘူးလို့ အောက်တိုဘာ (၁၄) ရက်နေ့ကထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားပေမယ့် တစ်ဘက်မှာလည်း တိုက်ပွဲဖော်ဆောင်တာတွေရှိနေတဲ့အတွက် အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူလူထုကို ပစ်ခတ်ဖြိုခွင်းတာတွေ၊ စစ်ရှောင်ပြည်သူလူထုကို လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းသုံးပြီး ပစ်မှတ်ထားတိုက်တာတွေဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ နိုင်ငံရေးပဋိပက္ခကို ရေရှည်ဖြစ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။