ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာမှာ ချင်းဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဧပြီလ (၁၂) ရက်နေ့နဲ့ ဧပြီလ (၁၃) ရက်နေ့တို့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များဆီက သိရှိရပါတယ်။
ဧပြီလ (၁၂) ရက်နေ့ ညနေပိုင်း ၂နာရီခွဲခန့်မှာ ဟားခါးမြို့နဲ့ ချွန်ကျုံးရွာအကြားကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ (၈) ကြီမ် ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။
ဧပြီလ (၁၃) ရက်နေ့ မနက်ပိုင်းမှာလည်း ချွန်ကျုံးရွာမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်း ၁၁ နာရီ ၄၀ မိနစ် အချိန်လောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
ကလေးမြို့က တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဧပြီ (၁၁) ရက်နေ့မှာ ဟားခါးနဲ့ (၁၇) မိုင်လောက်ဝေးတဲ့ ချွန်ကျုံးကျေးရွာကို ရောက်ရှိနေကြပြီး ရွာအတွင်းက လူနေအီမ် (၂၀) လုံးခန့်ကို မီးရှို့ခဲ့ကြကြောင်း သိရှိရပါတယ်။
ကား အစီး (၃၀) နဲ့ ကလေးမြို့က တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ချွန်ကျုံးရွာကို ရောက်ရှိနေချိန်မှာတော့ ကား (၁၀) စီး လောက်သာရှိတော့ပြီး သံချပ်ကာယာဉ်တစ်စီးလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။
တိုက်ပွဲများအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုကို ခေတ်မျက်လုံးသတင်းက ဆက်လက်စုံစမ်းနေပါတယ်။