စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ဧပြီ(၁၅) ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီအနေဖြင့် မိမိပြည်သူကို အကာအကွယ်ပြုရမည့်အစား ရန်သူသဖွယ် အရပ်ဘက် ၊စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြကာ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုများ နေထိုင်သည့် ရပ်ရွာများကို လူမဆန်စွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် အလွန်စက်ဆုပ်ရွံရှာဘွယ် ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း KIOက ထုတ်ပြန်ခဲ့ပြီး အဲဒီလုပ်ရပ်အပေါ် မှာ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ထုတ်ပြန်ထားတာပါ၊
စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွတ်မြောက်ရန် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးခဲ့ရသည့် ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
ကလေးငယ်များအပါအဝင် အပြစ်မဲ့ ရွာသူ၊ရွာသား ၁၀၀ကျော် အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရသည့် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီက ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည် ဟု ရှုမြင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရရှာသော ရွာသူ၊ရွာသားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း KIO က ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုများကို မတရားအနိုင်ကျင့် ခြိမ်းခြောက်ရက်စက်မှု နည်းလမ်းပေါင်းစုံ ကျင့်သုံးပြီး အုပ်ချုပ်နေသည့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ မတရားအနိုင်ကျင့်မှု၊ ခြိမ်းခြောက် အနိုင်ကျင့်မှုစသည့် စနစ်ဆိုးမှ လွတ်မြောက်လာနိုင်မည်ဟု ယုံကြည်ကြောင်း KIOက ထုတ်ပြန်ဖော်ပြထားတယ်လို့သိရပါတယ်။
Era’sEyes | Photo – KIO and CJ