ဖားကန့်မြို့နယ်၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၉ နယ်မြေ၊ အနန့်ပါဒေသကို ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာရောက်ကြဲသွားကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ ကနဦး သိရှိရပါတယ်။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အနန့်ပါဒေသမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဂီတဖျော်ဖြေပွဲကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် KIA တပ်ဖွဲ့ဝင်တွေ၊ အနုပညာရှင်တွေ အပါအဝင် အရပ်သား ပြည်သူတွေ စုစုပေါင်း ၆၀ ကျော် သေဆုံးခဲ့ရပါတယ်။
နေပြည်တော်မှာတော့ NCA (၈) နှစ်မြောက်အခမ်းအနားကို အောက်တိုဘာလမှာ ကျင်းပခဲ့ပြီး စစ်အုပ်စုခေါင်းဆောင်ကတော့ NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်နေပါတယ်။