မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ချောင်းတောင်တံတားက စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ယနေ့ ဇွန်လ ၂၂ရက်နေ့ နံနက်ပိုင်းအချိန်က ရေးမြို့နယ်ရှိ ချောင်းတံတားက စစ်ကောင်စီတပ် ၁၉ လက်အောက်ခံ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
“ရေးမြို့နယ် ချောင်းတောင်ကျေးရွာ စခ(၁၉)လက်အောက်ခံ ချောင်းတောင်တံတားထိပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာ၊ ဂိတ်ထဲ ၈ကောင်ထိုင်နေတာ ၄ကောင်သေသွားတယ်”လို့ ရေးဘီလူးက ဆိုထားပါတယ်။
ဒါ့ပြင် လမိုင်းမြို့ရှိ အခကြေးငွေယူကာ မှတ်ပုံတင်လုပ်ပေးနေတဲ့ လဝကဦးစီးမှူးဟောင်းရဲ့ ဇနီးကိုလည်း ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“နောက်တစ်ကြောင်းကတော့ လမိုင်းမြို့ မှတ်ပုံတင် အဓိကဆောင်ရွက်ပေးနေတဲ့ စကစချစ်တော်ကြီးလဲ လေပေါ်ဝဲပေးလိုက်ပါပြီ၊ လမိုင်းဘုရားဖူးရင်း လမ်းကြုံပါဆယ်ဆွဲလိုက်တာ”လို့ ရေးဘီလူးအဖွဲ့သားများက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့ကလည်း ရေးမြို့နယ်အတွင်းရှိ ကျောက်မိချောင်းကျေးရွာ(တောင်ပိုင်း)က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ကိုရဲဝင်းနိုင်ဆိုသူကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Era’sEye