နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။

တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။ ချစ်ကြတယ်၊ လေးစားကြတယ်။ တပ်မှာ မိသားစုအတွက် ရာရှင်အပြည့်အဝရတယ်၊ လူလိုသူလို နေရတယ်၊ တပ်မတော်သားတွေ ရုပ်ရှင်ကြည့်ရင်လည်း လျော့ဈေးနဲ့ ကြည့်ခွင့်ရှိတယ်။ ပြည်သူတင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို သစ္စာခံတယ်။ တပ်သားတွေ အရာရှိအရာခံတွေဟာ ပြည်သူကြားမှာ ရမ်းကားလို့မရဘူး။ တပ်ထိန်းတွေ ရှိတယ်။ သူတို့ တပ်အဝင်အထွက်ကို စောင့်ကြည့်ပြီး စည်းမဲ့ကမ်းမဲ့သွားလာတာကို ထိန်းသိမ်းတယ်။ အရက်မူးရမ်းတဲ့သူတွေ၊ အရပ်သားတွေကို ရမ်းကားနေတဲ့သူတွေကို တပ်သားပဲဖြစ်ဖြစ် အရာရှိစစ်ဗိုလ်ပဲဖြစ်ဖြစ် တပ်ထိန်းတွေက ရာထူးမရွေး ဥပဒေချိုးဖောက်ရင် ဖမ်းခွင့်ရှိတယ် ဖမ်းလဲဖမ်းတယ်။ အခုစစ်တပ်က ဘာစည်းကမ်းမှ မရှိတော့ဘူး။ အရပ်သားတွေကို နှိပ်စက်နိုင်တယ်၊ အဆိုးဆုံး သတ်ဖြတ်ရင်တောင် အရေးမယူဘဲ လွှတ်ပေးတာတွေရှိတယ်။ အရင်က တပ်ထဲဝင်မယ်ဆိုရင် အနည်းဆုံး အလယ်တန်းအောင်ရတယ်၊ စာရေးစာဖတ်တတ်ရတယ်။ အရပ် ၅ ပေ ၂ လက်မ အထက်ရှိရတယ်။ ပေမှီဒေါက်မှီမှ ဝင်လို့ရတယ်။ အခုခေတ် ရာဇဝတ်မှုဖြစ်လို့ ရှောင်ဖို့ တပ်ထဲဝင်လာလည်း လက်ခံတယ်၊ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် ဘာသတ်မှတ်ချက်မှ မရှိတော့ဘူး၊ တပ်ထဲဝင်ဖို့ စစ်ဗိုလ်တွေက လူလွှတ်ရှာရတယ်၊ အသက်မပြည့်တဲ့လူငယ်လေးတွေကို အတင်းအကြပ် သိမ်းသွင်းတာတွေ ရှိတယ်။

အခုနေပြည်တော်မှာလုပ်တဲ့ တပ်မတော်နေ့မှာ ပြည်သူတွေ မပါတော့ဘူး တပ်သားတွေကို တပ်မိသားစုတွေကသာ ပန်းကုံးစွပ်တဲ့ ပုံဖြစ်သွားပြီ။ ပြည်သူကြားထဲလဲ တပ်မတော်နေ့ကို မလုပ်ရဲတော့ဘူး ရန်ကုန်ဦးဝိစာရလမ်းပေါ်က တော်လှန်ရေးပန်းခြံထဲမှာ မလုပ်တော့ဘူး ပြည်သူနဲ့ကင်းကွာတဲ့ တပ်ဖြစ်သွားပြီ။ တပ်ကရဲဘော်တွေကို အသက်အာမခံကြေးထည့်ဝင်ခိုင်းတယ်။ အသက်အာမခံကုမ္ပဏီကိုပိုင်သူက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဆိုတော့ တပ်သား ၂ သိန်းကျော် ၃သိန်း ရှိတယ်ဆိုတဲ့ တပ်သားတွေရဲ့ မထည့်မနေရ အသက်အာမခံကြေးကို အောင်ပြည့်စုံက ရနေတယ်။ သေဆုံးတဲ့ တပ်သားတွေက မိဘဆွေမျိုး အိမ်ထောင်မရှိဘူးဆိုရင် အသက်အာမခံကြေး ပေးသွင်းထားတဲ့ စစ်သားကိုပေးရမဲ့လျော်ကြေးကို အောင်ပြည့်စုံက ယူသွားမှာပဲ။ ဒါကရှင်းတယ်။ ဘယ်သူက စစ်သားတွေ အပေါ် ခေါင်းပုံဖြတ်နေလဲ။ ဘယ်သူတွေက စစ်သားတွေရဲ့ အသက်နဲ့ရင်းပြီး အကျိုးအမြတ်တွေရနေလဲ။ ရှင်းနေတာပဲ။

ဗိုလ်ချုပ်နေဝင်းရဲ့ မဆလအစိုးရ လက်ထက်မှာစပြီး စစ်အပေါ်လွှာ လူတန်းစားတစ်ရပ်ကို တည်ထောင်လာခဲ့တယ်။ ဒုဗိုလ်မှူးကြီး အထက် ရာထူးရှိသူတွေဟာ အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်တယ်။ သူတို့အတွက် အထူးအရောင်းခန်းတွေ ဖွင့်ပေးတယ်၊ ဒီလို ဒုဗိုလ်မှူးကြီး အထက်ရာထူးရှိသူတွေက ပဒုမ္မာပြခန်းလို့ အမည်ပေးထားတဲ့ဆိုင်မှာ ပြင်ပမှောင်ခိုဈေးကွက်က ဖမ်းလာတဲ့ နိုင်ငံခြားဖြစ် အဝတ်အထည်တွေ၊ ဇိမ်ခံပစ္စည်းတွေကို ဈေးသက်သာစွာနဲ့ ဝယ်ယူနိုင်တယ်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေကို အရင်းရှင်တံဆိပ်တပ်ပြီး ပြည်သူပိုင်သိမ်းခဲ့တဲ့ရလာဒ်က နေစဉ်သုံးနေရတဲ့ ဆပ်ပြာတွေ ရှားလာတယ်၊ ကလေးတွေအတွက် နို့မှုန့်တွေ၊ နို့ဆီတွေ ရှားလာတယ်။ ပြည်သူတွေ နဲ့ စစ်သားတွေ ဆပ်ပြာတွေကို ခွဲတန်းနဲ့ ဝယ်ရတယ်။ တန်းစီဝယ်ရတယ်။ ဒီလိုကန့်သတ်ထားတဲ့၊ အိမ်သုံးပစ္စည်းတွေကို ဗိုလ်မှူးကတော်ကြီးတွေက မာဇဒါ ၆၂၆၊ ၉၂၉ကားတွေနဲ့ သေတ္တာလိုက်ဝယ်ပြီး သိမ်ကြီးဈေးမှာ ပေါက်ဈေးနဲ့ရောင်းပြီး လင်တော်မောင်လခကို မှုစရာမလိုပဲ သုံးနိုင်ဖြုန်းနိုင်ကြတယ်။

မဆလလက်ထက်မှာ နိုင်ငံခြား ရုပ်ရှင်တွေကို ဆင်ဆာဖြတ်တယ်၊ ပြည်တွင်းရုပ်ရှင်တွေဆို ဘာမှကိုတည်ထွင် ဖန်တီးလို့မရအောင် တင်းကြပ်ထားသလို စာအုပ်ထုတ်ဝေသူ တွေလည်း ဝတ္တုစာအုပ်တွေမှာ ဆင်ဆာဘုတ်ကနေ အမဲရောင်စာလုံးတွေကို ပိတ်တာတွေအထိ အရုပ်ဆိုးအောင် တင်းကြပ်ခဲ့တယ်။ ဦးဝိစာရလမ်းက တပ်မတော်ကပွဲရုံကြီးမှာ စနေတနင်္ဂနွေနေ့တွေမှာ ဗိုလ်မှူးကြီးတွေ ဗိုလ်မှူးချုပ်တွေ မိသားစုတွေနဲ့ ကားကြီးကားငယ်နဲ့ ဆင်ဆာမဖြတ်ရသေးတဲ့ နိုင်ငံခြားရုပ်ရှင်တွေကို ကြည့်ပြီးမှ ဆင်ဆာဘုတ်အဖွဲ့ကနေ ဆင်ဆာဖြတ်ပြီး ပြည်သူတွေက သူတို့ဖြတ်တောက်ထားတဲ့ ကားကိုကြည့်ရတယ်။ အများပြည်သူအတွက် မသင့်တော်လို့ဖြတ်တယ်ဆိုတဲ့ ဆင်ခြေပေးခြင်းက ဘာကိုပြောသလဲဆိုတော့ ငါတို့ကပြည်သူထက် အသိအမြင်ကျယ်တယ် ကောင်းမကောင်းကို ငါတို့ဆင်ခြင်နိုင်တယ် ပြည်သူတွေကတော့ ငါတို့လိုဆင်ခြင်နိုင်မှုမရှိလို့ ဆိုတဲ့ပြည်သူကို အထင်သေးစော်ကားတဲ့ စိတ်လို့ သုံးသပ်လို့ရတယ်။ တပ်ကပြည်သူကို လေးစားမှုမရှိတော့ပဲ အပေါ်စီးကနေဆက်ဆံတယ်၊ တဖက်မှာလည်း အောက်ခြေတပ်သားတွေကို ရုပ်ရှင်ရုံတွေမှာကြည့်ရင် တဝက်ဈေးသာ ပေးရတဲ့စနစ်ကို ဖျက်သိမ်းပြီး ပြည်သူတွေလိုပဲ ငွေအပြည့်ပေးကြည့်ကြရတယ်။ အောက်ခြေတပ်သားတွေ သူတို့ရတဲ့လစာက ဗိုလ်ချုပ်ကတော်ကိုင်တဲ့ ပိုက်ဆံအိတ်တခုရဲ့ အစွန်းထွက်ပဲ ရှိတယ်။ ဒီအချက်ကလည်း ဘာကိုပြောနေသလဲဆိုရင် တပ်မတော်သားတွေရဲ့ သက်သာချောင်ချိရေးကို သူတို့အလေးမထား ဂရုမစိုက်ဘူး ဆိုတာပြနေတယ်။

ဦးနုခေတ်က တပ်မတော်သားတွေ အဝတ်အစား၊ အစားအသောက်၊ မိသားစုအတွက်ရာရှင် အကုန်အပြည့်အဝရကြပြီး လူလိုသူလိုနေရတယ်၊ စစ်အာဏာရှင်အောက်မှာ အောက်ခြေ အကြပ်တပ်သားတွေနဲ့ ဗိုလ်ကြီးအဆင့်အထိ တပ်မှူးတွေရဲ့ အဖိနှိပ်ခံတွေ ခိုင်းဖတ်တွေ ဖြစ်လာသလို သူတို့မိန်းမတွေကလည်း တပ်မှူးကတော်တွေရဲ့အခိုင်းခံတွေဖြစ်လာတာ ထုံးစံတခုလို ကျင့်သုံးလာတယ်။ အောက်ခြေဗိုလ်ကြီး၊ ဗိုလ်မှူးလေးတွေက သူတို့အထက်ဗိုလ်မှူးချုပ်တွေ ဗိုလ်ချုပ်တွေကို အသက်အရွယ်မကြီး သေးသော်လည်း တချို့ရွယ်တူ ဖြစ်ပေစေ “အဘ”လို့ခေါ်တဲ့ အသုံးအနှုန်း ခေတ်စားလာတယ်။ ဒီလို အဘလို့ခေါ်တဲ့ စကားလုံး ခေတ်စားလာတာ ဗိုလ်ချုပ်သန်းရွှေ လက်ထက်မှာဖြစ်သလို တပ်ရဲ့မွန်မြတ်တဲ့ဆောင်ပုဒ်ကို “တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖ” လို့ ပြောင်းလဲပြီး ပြည်သူဟာ တပ်မတော်သားတွေ အလေးထားရမဲ့အရာဖြစ်တယ်ဆိုတဲ့ တပ်မတော်သားတွေ ရဲ့ နှလုံးသည်းပွတ်ထဲမှာ ပြည်သူကို ဦးထိပ်ထားရမယ်ဆိုတဲ့ တန်ဖိုးကို အောက်တန်းကျကျ ကိုယ်ကျိုးကြည့်ပယ်ဖျက်လိုက်တာဖြစ်တယ်။ အဲဒီအချိန်ကစပြီး ဂုဏ်ကြက်သရေရှိတဲ့ တပ်မတော်ဟာ စစ်ဗိုလ်ချုပ်တွေရဲ့ လက်ကိုင်ဒုတ်ဘဝကို ရောက်ခဲ့ရတာပါပဲ။ “တပ်မတော်သာလျှင်အမိ တပ်မတော်သာအဖ” ဆိုတာနဲ့အညီ သူတို့ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ တပ်ရဲ့ဖခင်ကြီးတွေ “အဘ” တွေ၊ တပ်ကိုသူတို့က ကျွေးမွေးနေတာဆိုတာကို ရိုက်ထည့်နေတဲ့ Brain Wash လုပ်နေတဲ့ လုပ်ငန်းစဉ်တခုဖြစ်လာတယ်။ စစ်တပ်ဟာ အထက်အောက် ကျွန်ပြုနေသူတွေလို ဖြစ်လာတာ အတော်ရွံရှာ စရာကောင်းတယ်။

ယခင်လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီး ဦးနုအစိုးရ လက်ထက်မှာ စစ်ထဲဝင်တဲ့သူတွေက တိုင်းပြည်ကို ကာကွယ်ချင်လို့ အသက်စွန့်တိုက်ချင်လို့ ကိုယ်ကျိုးမကြည့်ပဲ ဝင်ကြတာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပမှာ အလုပ်အကိုင်အခွင့်အလန်းတွေ ရွေးချယ်စရာတွေ အများကြီးရှိတဲ့အထဲကနေ တိုင်းပြည်ကို ကာကွယ်မယ်ဆိုတဲ့ စိတ်နဲ့ စစ်ထဲဝင်ကြတာဖြစ်တယ်။ အခုခေတ်က စစ်ထဲဝင်ရင်လူတွင်ကျယ်ဖြစ်နိုင်တယ် အဖားကောင်း အကပ်ကောင်းရင် ကြီးပွားနိုင်တယ် စစ်ထဲဝင်ပြီး စစ်ဗိုလ်ဖြစ်လာရင် သူဌေးဖြစ်နိုင်တယ်။ မိန်းမရှုပ်လို့ ရတယ်ဆိုတဲ့ အမြင်နဲ့ဝင်လာတဲ့ ဗိုလ်လောင်းတွေက အများစုလိုဖြစ်လာတယ်။ သူတို့ဒီလိုမြင်တယ် ဆိုတာလဲလက်တွေ့မှာ စစ်ဗိုလ်ချုပ်တွေ ဗိုလ်မှူးကြီးတွေ သူတို့ရတဲ့ လခထက်အဆပေါင်းများစွာ တန်တဲ့အိမ်တွေ ခြံတွေ ဇိမ်ခံကားကြီးတွေ အမြောက်အများ ပိုင်ဆိုင်ပြီးချမ်းသာကြွယ်ဝနေတာကို တွေ့နေရတာကြောင့် စစ်ဗိုလ်ဖြစ်ချင်လာတာ မဆန်းပါဘူး။ စစ်တက္ကသိုလ်မှာလဲ အတန်းကြီးတဲ့သူက အတန်းငယ်တဲ့သူကို အထက်အောက်အနိုင်ကျင့်ရိုက်နှက်လို့ သေဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေလဲရှိခဲ့တယ်။ စစ်အာဏာရှင်လက်ထွက် စစ်ဗိုလ်တွေဟာ ကြီးနိုင်ငယ်ညှင်း ဓလေ့အောက်ကနေ လာခဲ့ကြသူတွေဆိုရင် မမှားပါဘူး။ စစ်တက္ကသိုလ်တက်တာ တိုင်းပြည်ကာကွယ်ဖို့ ရည်ရွယ်ချက်ထက် မိမိကိုယ်ကျိုးအတွက် ဝင်ကြသူတွေ အများစုဖြစ်နေခဲ့တာ စစ်တပ်ကို ပျက်စီးစေခဲ့တာပါပဲ။

ဒါကြောင့်မအလလက်အောက်ကစစ်သားတွေအနေနဲ့ တပါးကျွန်လိုဖြစ်နေရတဲ့ ဘဝအထက် အုပ်ချုပ်သူတွေ သန်းကြွယ်သူဌေးကြီးတွေ အဖြစ် ရာထူးအရှိန်အဝါနဲ့ အဂတိလိုက်စားပြီး ချမ်းသာကြွယ်ဝနေကြပေမဲ့ တပ်မတော်သားတွေမှာ ဖိနပ်အစုတ်အပြတ်ဝတ်၊ ယူနီဖောင်း လဲစရာမရှိ ရှေ့တန်းအီကွတ်မင့်မပြည့်စုံ စားနပ်ရိက္ခာကလဲမပြည့်စုံ တိုက်ပွဲမှာကျသွားရင်လည်း လူမသိသူမသိကျတာ၊ မိသားစုပဲ ကြိတ်ခံရတဲ့ ဘဝတွေကနေ ရုန်းထွက်ကြပြီး လွတ်လပ်တဲ့ဘဝကို ရယူနိုင်ဖို့လိုတယ်။

ဒီအခြေအနေတွေကိုသိတဲ့ တပ်ကအရာရှိတွေ တပ်ရင်းမှူးတွေ စစ်မတိုက်ကြတော့ပဲ လက်နက်ချလိုက်တာက သူတို့ဘဝအတွက် အဓိပ္ပါယ်ရှိတယ်။ သူတို့အသက်စွန့်တိုက်နေရတာ မိမိပြည်သူကို ဖိနှိပ်ပြီး သူတို့ ခေါင်းဆောင်တွေ အာဏာဆက်ရနေရေး ဗိုလ်ချုပ်တွေ သူတို့ကိုယ်ကျိုးရှာ တည်ထောင်ထားတဲ့ စီးပွားရေး အင်ပါယာကြီးကို ကာကွယ်ရေးအတွက် ဗိုလ်ချုပ်တွေကောင်းစားရေးအတွက်သာဖြစ်လို့ အသေခံတိုက်ရလောက်တဲ့အထိ သူတို့ အသက်ကိုစွန့်လွှတ်ဖို့ဆိုတာ မတန်တော့ဘူး။ အသက်စွန့်ရလောက်တဲ့အထိ တန်ဖိုးမရှိဘူးဆိုတဲ့ အသိစိတ်ရှိလာကြတယ်။ ဒါကြောင့် လက်နက်ချလိုက်ကြတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အတွေးအမြင်ကဏ္ဍ

NUG စစ်အနိုင်တိုက်မှာလား ဘာတွေပြင်ဆင်ထားပြီးပြီလဲ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 22 Views
NUG စစ်အနိုင်တိုက်မှာလား ဘာတွေပြင်ဆင်ထားပြီးပြီလဲ? မြန်မာ့နွေဦး တော်လှန်ရေး၄နှစ်ထဲ ဝင်ရောက်လာပြီးနောက် တိုင်းရင်းသားတောင်ပေါ်နဲ့ ကမ်းရိုးတန်းညီနောင်တွေ နယ်မြေစိုးမိုးမှုတွေ ရရှိလာခဲ့ပြီး စစ်အုပ်စုဟာ တိုက်တိုင်းရှုံးဘဝကို
အတွေးအမြင်ကဏ္ဍ

တတိယအင်အားစုကိုဘယ်လိုအဓိပ္ပါယ်ဖော်သလဲ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 26 Views
တတိယအင်အားစုကိုဘယ်လိုအဓိပ္ပါယ်ဖော်သလဲ? ဒီနေ့ဆွေး‌နွေးခန်းမှာ နိုင်ကျဥ်းတဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဟန်ရှင်ဝင်းကို ဦးထွန်းအောင်ကျော် ကတွေ့ဆုံမေးမြန်းထားပါတယ် ။ လက်နက်ကိုင်တော်လှန်‌ရေးမှာ မပါဝင်နိုင်ပေမဲ့ သူက တတိယအင်အားစု
အယ်ဒီတာ့အာဘော် အရှေ့တောင်အာရှ

လီကွမ်းယူ (Lee Kuan Yew) က စင်္ကာပူနိုင်ငံကို ထိပ်တန်းနိုင်ငံဖြစ်အောင် ဘယ်လိုတည်ထောင်ခဲ့သလဲ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 35 Views
အယ်ဒီတာ့အာဘော် စင်္ကာပူဟာ ဘာကြောင့် အချိန်တိုအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေးအင်ပါယာကြီးဖြစ်လာသလဲကြည့်ရင် နိုင်ငံခေါင်းဆောင် လီကွမ်းယူရဲ့ တိုင်းပြည်တိုးတက်ကြီးပွားရေးအတွက် အဓိကလိုအပ်ချက်တွေကို ရေရှည်အမြင်နဲ့ ရှေးရိုးသမားတွေကို အံတုပြီး လမ်းသစ်ကို ရဲရဲရင့်ရင့် ဖောက်ထွက်နိုင်ခဲ့တဲ့ စွမ်းအားကြောင့် ဖြစ်တယ်။ လီကွမ်းယူ ဘယ်လောက်
ဆောင်းပါးများ နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံ ဘာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေကိုလိုလားတဲ့နိုင်ငံ ဖြစ်လာရတာလဲ။ 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 278 Views
ဂျူးလူမျိုးများအကြောင်း အစ္စရေးသမိုင်းပညာရှင်အီလမ်ပါပေနှင့် အင်တာဗျူး/ဂျိုဒိုသတင်း။  (ကျိုဒိုသတင်း လန်ဒန်ဗျူရို အီတို ဆေးကာနဲ့  ပါမောက္ခ  အီလမ်ပါပေရဲ့ အင်တာဗျူးကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားတာဖြစ်ပါတယ်။) ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ အံ့အားသင့်ဖွယ်
အယ်ဒီတာ့အာဘော်

မအလတပ်သားတွေ အသက်အာမခံ လျော်ကြေးရပါ့မလား။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 119 Views
***လူဝီဂျီမန်ဂျော်နီအမှုနဲ့ နှိုင်းယှဉ်ကြည့်ခြင်း*** အယ်ဒီတာ့အာဘော် လူဝီဂျီမန်ဂျော်နီ (Luigi Mangione) သည် အမေရိကန်ဘွား အီတာလီမျိုးရိုးမှ ဆင်းသက် လာသည့်အသက် ၂၇ အရွယ် လူရွယ်တဦးဖြစ်ပြီး သူတက္ကသိုလ်ကျောင်းသားဘဝက အလားအလာရှိသည့် တက်ကြွထက်မြက်သည့် ကျောင်းသားခေါင်းဆောင်တဦးလည်း ဖြစ်သည်။ မိဘဖြစ်သူများကလည်း
မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 166 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ ညီနောင်(၃)ဖော်စလိုက်တဲ့ ဗျူဟာ‌မြောက် ၁၀၂၇ ထိုးစစ်ကြောင့် စစ်အုပ်စု အထိနာခဲ့ရသလို ရမခစစ်ဌာနချုပ်လည်း ကျခဲ့ရပါတယ်။
ဆောင်းပါးများ နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံခေါင်းဆောင် အဘူမိုဟာမက်အယ်ဂျူလာနီ ပြောကြားခဲ့သည့်အချက်များကို မြန်မာနိုင်ငံနှင့် ချိန်ထိုးလေ့လာခြင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 161 Views
+++++++++++++++++++++++++++++++++++++++++++ (ဆောင်းပါး) အယ်ဂျူလာနီက “ပြည်တွင်းပေါင်းစည်းရေး အမြင်တွေနဲ့ ဆီးရီးယား လွတ်မြောက်နယ်မြေအတွင်း အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်းတွေ တည်ထောင်မှုတွေ လုပ်ခဲ့တယ်” လို့ ဆိုတယ်။ သူပြောတဲ့ပြည်တွင်းပေါင်းစည်းရေးဆိုတာ ပြည်တွင်းမှာရှိတဲ့ တော်လှန်‌ရေးအဖွဲ့အစည်းတွေ ပေါင်းစည်းရေးကို ဆိုလိုတယ်၊ တနည်းပြောရရင် ညီညွတ်ရေးတည်ဆောက်ဖို့ပေါ့။
အယ်ဒီတာ့အာဘော်

ခေတ်မျက်လုံး အယ်ဒီတာ့အာဘော်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 179 Views
ယူကရိန်းနဲ့ မြန်မာ့တော်လှန်ရေးကို ချိန်ထိုးကြည့်ခြင်း။ ယူကရိန်းဟာသူ့ထက်အင်အားလည်းကြီး သူ့ကိုရုရှားနိုင်ငံထဲကိုသွတ်သွင်းထားပြီး ဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံ (The Union of Soviet Socialist Republics- USSR) အဖြစ် ၁၉၂၂ ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်းများစွာ