စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အောင်ချမ်းသာရွာကို ဧပြီ (၂၃) ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ
စစ်ကောင်စီ က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အား ၆၀ ကျော်ပါဝင်ခဲ့ပြီး စစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၄၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီလို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံ တစ်ထောင်ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်။
အောင်ချမ်းသာရွာအနီးမှာ ဧပြီ(၂၃) ရက် ၁၁ နာရီဝန်းကျင်က ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ထိတွေ့ တိုက်ပွဲဖြစ်ပြီးနောက်မှာ အဲဒီစစ်ကြောင်းကပဲ ရွာထဲက နေအိမ်တွေကို မီးစရှို့ခဲ့တာဖြစ်ပါတယ်။
အချက်အလက်တွေကို စုစည်းဖော်ပြနေတဲ့ Data For Myanmar ရဲ့ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ ဖျက်ဆီးခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Era’sEyes / စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ဝက်လက်မြို့နယ် အောင်ချမ်းသာရွာရှိ နေအိမ်အဆောက်အအုံ များကို မတ်(၁) ရက်က တွေ့ရသည့်မြင်ကွင်းများ။ (Photo: CJ)