စစ်ကိုင်းတိုင်း တမူးမြို့နယ် ကလေး-တမူးလမ်းရှိ ဘုက္ကန် ရဲကင်းကို တော်လှန်ရေးတပ်ဖွဲ့ တခုဖြစ်သည့် အမျိုးသားလွတ် မြောက်ရေးတပ်တော်(NLA) က မတ် (၂၄) ရက် နံနက် ၇နာရီ ခွဲ အချိန်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလို တိုက်ခိုက်မှုမှာ လက်နက်ငယ် မျိုးစုံ ၁၅လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က သတင်းထုတ်ပြန်ထားပါတယ်။ ရဲစခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ နှစ်ဘက် ထိတွေ့မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာ အထိနာသွားတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ်မျိုးစုံ ၁၅လက်၊ ကျည်မိုးစုံ နှစ်ထောင်ကျော်၊ ကျည်ကတ်များ၊ ရှေ့ထွက်မိုင်း နှင့် လက်ပစ်ဗုး၊ စကားပြောစက် အပါအဝင် ရဲတပ်ဖွဲ့သုံး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီ စစ်ဆင်ရေးကို ဘုတ်ငှက်စစ်ဆင်ရေးဟု အမည်ပေးခဲ့ကြောင်း၊ NLA အနေဖြင့် စစ်ကောင်စီထောက်တိုင် မည်သည်အဖွဲ့အစည်းမဆို ပြင်းထန်စွာ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း နှင့် မည်သည့်အာဏာရှင်မဆို အမြစ်ပြတ်သည်အထိ တော်လှန်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
NLAသည် တမူး ကဘော်ဒေသ၌ လှုပ်ရှားသည့်တပ်ဖြစ်ပြီး ယခင်က တမူးကဘော်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၃)အဖြစ်မှ ယခုနှစ် မတ်လတွင် NLA အဖြစ် ပြောင်းလဲတည်ထောင်လိုက်ခြင်းဖြစ်သည်။