ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်းရှိ ပြည်သူပိုင်အိမ်တွေက ပစ္စည်းတွေကို ခိုးယူပြီး အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၂၄ရက်နေ့ နံနက် ၁၁နာရီကျော်မှာ ကျောက်တံခါးမြို့နယ်အတွင်းရှိ နံဇကျေးရွာကို စစ်ကောင်စီတပ်သားတွေက စစ်ကား ၁၀စီးထက်မနည်း ရောက်ရှိလာခဲ့ပြီး လူမနေတဲ့ ပြည်သူအိမ်များမှ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ညနေ ၄နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၂၅နှစ်နဲ့ ၃၈နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KNU က ဖော်ပြထားပါတယ်။
အထိနာလာတဲ့ စစ်ကောင်စီတပ်က ကျောက်တံခါးမြို့နယ်အတွင်းမှာ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးငွေညှစ်တာအပါအဝင် ထောင်ချောက်ဆင်ဖမ်းဆီးတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတယ်လို့လည်း ပြောဆိုထားပါတယ်။
ဇူလိုင်လ ၂၁ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ နံဇသင်္ချိုင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။
Era’sEye