ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နမ့်အွမ်အုပ်စုအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်(TNLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၂၅ရက်နေ့ နံနက် ၁၁နာရီ ၂၅မိနစ်အချိန်က စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Mi-35 တိုက်ရဟတ်ယာဉ်ဖြင့် မူဆယ်မြို့ရှိ နမ့်အွမ်အုပ်စုအတွင်းသို့ ၃ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။




ဒါ့ပြင် စစ်တပ်လက်အောက်ခံ တပ်မ ၉၉၊ ခလရ-၂၄၁က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ဦးသေဆုံးကာ အရပ်သားနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၄ရက်နေ့ ည ၇နာရီခန့်ကလည်း မူဆယ် ၁၀၅မိုင်၊ နမ့်ဖက်ကာ ၁၂၃တပ်နဲ့ နောနားဒုံက လက်နက်ကြီးများဖြင့် အကြိမ် ၂၀ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် နမ့်အွမ်အုပ်စု၊ ဆိုင်ခေါင်ကျေးရွာရှိ နေအိမ်အချို့နဲ့ ဈေးအတွင်းရှိ ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အနေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းနဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတဝှမ်းမှာ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်(TNLA)က ထည့်သွင်းပြောဆိုထားပါတယ်။
Era’sEye