စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၃ရွာကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
ရွာကို မီးရှို့ဖို့လာတဲ့ စစ်တပ်ကို မိုင်းဆင်ရင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရွှေဘိုနယ် ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံကျောင်းဘက်ကနေ အင်အား၁၀၀ကျော်ပါ အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းဟာ ဧပြီ ၂၅ရက်ကနေ ၂၆ရက်နေ့အထိ တပင်ကောင်း(တောင်)၊ ကံကြီးကုန်းကျေးရွာနဲ့မြို့သစ်ကျေးရွာ ၃ရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အဲဒီစစ်တပ်ဟာ တပင်ကောင်း(တောင်) ရွာကို မီးရှို့ပြီး မဏီကုန်း တောလမ်းတွေက တစ်ဆင့် ဧပြီ ၂၆ရက်မှာ ကံကြီးကုန်းကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ်၁လုံးနဲ့ ကွမ်းခြံတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်း ဟာ ညနေပိုင်းမှာလည်း မြို့သစ်ကျေးရွာနဲ့ သာဂရကျေးရွာအတွင်း အဖွဲ့ခွဲဝင်ပြီး ဝင်ရောက်ကာ မြို့သစ်ကျေးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံးတဲ့ အရေအတွက်ကို မသိရသေးပါဘူး။
အလားတူ အဲဒီအကြမ်းဖက်စစ်တပ်ဟာ ဧပြီ ၂၅ရက် ညနေပိုင်းမှာ တပင်ကောင်း (တောင်)ရွာကို ညအိပ်တပ်စွဲပြီး မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၅လုံး မီးလောင်ပြာကျခဲ့ရပါတယ်။
တပင်ကောင်း(တောင်)ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး ပထမအကြိမ် မီးရှို့ခံရတဲ့အချိန်မှာလည်း နေအိမ် ၄၆လုံး မီးလောင်ပြာကျပျက်စီးခဲ့ရပါသေးတယ်။
စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ သာဂရ၊မြို့သစ်၊ကံကြီးကုန်း၊ရွှေယမင်း စတဲ့ ကျေးရွာတွေက ဒေသခံ ၃၀၀၀ ဝန်းကျင်ဟာ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
Era’sEyes/Photo-CJ