ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာ အနီးက ခေါက်တုံ စစ်ဘေးရှောင် စာသင်ကျောင်းမှာရှိတဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ သွားရောက် ကူညီပေးခဲ့တယ်လို့ Dove KK အဖွဲ့ ဆီက သိရပါတယ်။
ခေါက်တုံ စာသင်ကျောင်းက ကလေးငယ်တွေ အတွက် သင်ထောက်ကူနဲ့ စာရေးကိရိယာတွေ၊ မုန့်နဲ့ ကွေကာ၊ သီချင်းသီဆိုတာ၊ ကပြတာတွေ၊ စာသင်ကျောင်း ပြုပြင်ဖို့ မိုးကာတွေ၊ အမျိုးသမီးငယ်တွေအတွက် လစဥ်သုံးပစ္စည်းတွေ၊ စစ်ရှောင် ပြည်သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ သွားရောက် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ခေါက်တုံ စာသင်ကျောင်းမှာ မူလတန်းကနေ ၈ တန်းအထိရှိပြီး ကျောင်းသား ၈၈ ယောက်ကို စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမ ၁၃ ယောက်က ပညာသင်ကြားပေးနေပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စာသင်ကျောင်းကို လာရောက်လှူဒါန်းတဲ့ အလှူရှင် နည်းပါးပြီး ကလေးငယ်တွေ အတွက် အဝတ်အစားကအစ လိုအပ်နေတယ်လို့ သိရပါတယ်။