မတ်လ (၁)ရက်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုပြရရှိဖို့ ရက္ခိုင့်တပ်တော်(AA)နဲ့ ပူးပေါင်းကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေ စုဝေးရာနေရာတွေဖြစ်တဲ့ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာဿာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ ရခိုင်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ ပုတ်ခတ်စွပ်စွဲတာတွေကို အသုံးပြုကာ နိုင်ငံသားအချင်းချင်းကြား လူမျိုးရေး မုန်းတီးတာတွေ ပေါ်ပေါက်စေဖို့ သွေးထိုးလှုံ့ဆော်တာတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။
မနေ့က စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်း ဈေးထဲကို စစ်တပ်ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ (၁၂)ဦးသေဆုံးခဲ့ပြီး (၈)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကလဲ မင်းပြားမြို့ရှိ မင်းဖူးဆေးရုံကို စစ်တပ်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး ဆေးကုသနေကြတဲ့ အလင်းဝင် တပ်မတော်သားတွေ၊ အရပ်သားပြည်သူတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
NUG အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကြောင့် ကျဆုံးခဲ့ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ရခိုင်ပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကာ ရခိုင်ပြည်သူတွေနဲ့အတူ တစိတ်တဝမ်းထဲရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။