ဩဂုတ်လ (၁)ရက်။
လိုလားချက်တွေကို လက်နက်ကိုင်တောင်းဆိုတာ ဘယ်သူကမှ လက်မခံတဲ့အတွက် ဥပဒေနဲ့အညီသာ တောင်းဆိုကြဖို့ စစ်ရှုံးစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတောင်းဆိုတဲ့အခါ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးချိန်မှာလဲ ပြည်ထောင်စုကနေ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး တိုင်းနဲ့ပြည်နယ်တွေအတွက် ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဥပဒေနဲ့အညီသာ တောင်းဆိုရမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ်လို့ မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ခုနှစ် အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတို့နဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျင်းပနိုင်တဲ့ နယ်မြေတွေကို ဦးစွာကျင်းပသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ မပြီးပြတ်သေးတာနဲ့ လူဦးရေနဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက်ကိုလဲ အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ ကာ/လုံအဖွဲ့၀င်တွေက ထောက်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရှုံးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံတ၀န်း တိုက်ပွဲတွေထဲ အထိနာနေသလို အာဏာသိမ်းပြီးနောက် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းနဲ့ မြို့တွေလဲ အများအပြားရှိနေပြီလို့ ပြောဆိုချက်တွေအရ သိရပါတယ်။