ဩဂုတ်လ (၁)ရက်။
သံတွဲမြို့ထဲ ဖောက်ထွင်းလုယက်နေတဲ့ စစ်ကောင်စီတပ်တွေအပါအ၀င် လက်နက်ကိုင်ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီအုပ်စုငယ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေအပါအ၀င် စစ်ကောင်စီရဲ့ အုပ်စုငယ်တွေနဲ့ AA တို့ဟာ မြပြင်၊ ဂျိတ်တောနဲ့ ကွင်းဝိုင်းတို့မှာ တိုက်ပွဲတွေ ရံဖန်ရံခါ ဆက်လက်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
AA အနေနဲ့ သံတွဲမြို့က စစ်ကောင်စီတပ်စခန်းအားလုံးအပါအ၀င် ငပလီ(မဇင်လေဆိပ်)နဲ့ သံတွဲဟိုတယ်ဇုန်အပြင် နေရာအများစုကို ဇူလိုင်လ (၁၆)ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သံတွဲမြို့ကို အပြီးသတ်သိမ်းပိုက်ထားပေမယ့် စစ်ကောင်စီဟာ မြပြင်၊ ဂျိတ်တောအပါအ၀င် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စခန်းတွေနဲ့ သံတွဲမြို့ကို ပြန်ယူနိုင်ဖို့ အရပ်သားအယောင်ဆောင်ပြီး စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ထောက်ပို့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ သံတွဲမြို့ထဲ ဖောက်ထွင်း၊ လုယက်၊ ခိုးယူနေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ မော်ရွှေလီရေတပ်စခန်းနဲ့ ဘင်္ဂလားပင်လယ်ပြင်ထက်မှာ တပ်စွဲထားတဲ့ ရေတပ်စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးပစ်ကူတွေနဲ့အတူ အဲ့ဒီနေရာတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။