ဒီဇင်ဘာလ (၁)ရက်။
မနေ့က ညနေ (၆)နာရီခွဲအချိန် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၅၀၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အင်ကြင်းတောင်ရပ်ကွက်ကို စကစက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲသွားတာ။ တော်တော်များများ ထိခိုက်သေဆုံးခဲ့တယ်။ အခုတော့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ပြီး အလောင်းတွေကို ရှာဖွေရှင်းလင်းနေတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၁၀)ဦး ထိမှန်သေဆုံးခဲ့ပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို အရေးပေါ် ဆေးရုံပို့ဆောင်ကာ ဆေးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို ရှာဖွေရှင်းလင်းနေတယ်လို့ ရေးသားထားပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA ဘက်က စစ်ရေးတင်းမာတာတွေကို တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် နောင်ချိုမြို့မှာ နိုဝင်ဘာလထဲ စစ်ကောင်စီရဲ့ ပြည်သူတွေရှိရာကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံ (၁၈)ဦးသေဆုံးကာ (၃၄)ဦး ဒဏ်ရာရခဲ့သလို နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။



