၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ ခေတ်မျက်လုံး။
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ထဲက ဖလေးဆာလိုကျေးရွာ သင်္ချိုင်းမြေက ခမရ(၅၈၁)နဲ့ ကလောမီဒဲကျေးရွာထဲက ခမရ(၅၈၁)တပ်စခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စကခ(၂၀)အောက်က ခမရ (၅၈၂)တပ်စခန်းကို ဒီဇင်ဘာလ (၃၁)ရက်နေ့နဲ့ ခမရ (၅၈၁)တပ်စခန်းကို ဇန်နဝါရီလ (၂)ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသီးသီးစွန့်ခွာခဲ့ကြတာကြောင့် KNLA တပ်ရင်း (၆)က အဲ့ဒီစခန်းတွေကို ရှင်းလင်းရေးလုပ်ဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
KNLA က အဲ့ဒီစခန်းတွေရဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်ထောက်ထားတာ ဖလေးဆာလိုတပ်စခန်းက (၆)လခန့်နဲ့ ကလောမီဒဲတပ်စခန်းက (၃)လခန့် ကြာမြင့်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒုက္ခတွေခံစားရပြီး နောက်ဆုံးမှာ စခန်းစွန့်ခွာထွက်ပြေးခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ စခန်းတွေကို ဝင်ရောက်ရှင်းလင်းချိန် ဖလေးဆာလိုတပ်စခန်းထဲက ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီတပ်စခန်းတွေဟာ ၁၉၇၅ခုနှစ်မှာ ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ခုနှစ်မှာ ဆုတ်ခွာသွားခဲ့ရာက ဒုတိယအကြိမ်အနေနဲ့ ၂၀၀၆ခုနှစ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်မ (၆၆)က ဦးဆောင်ပြီး တောဦးခရိုင်ထဲ နေထိုင်တဲ့ ကရင်လူမျိုးတွေကို “ မြေလှန်စနစ်” နဲ့ လူမျိုးတုန်းရှင်းလင်းဖို့ စစ်ဆင်ရေးထဲ ဝင်ရောက်ကျူးကျော်လာခဲ့တဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။