ဇွန်လ (၃)ရက်။
အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ကောင်စီတပ်ကြောင့် အရပ်သားသေဆုံးသူ (၅၀၂)ဦးအထိရှိခဲ့တယ်လို့ PKPF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကရင်နီမှာ သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီး/ငယ် ပစ်ခတ်တာ၊ မိုင်းနင်းမိတာနဲ့ အကြောင်းမဲ့ သတ်ဖြတ်တာတွေကြောင့်လို့ ဆိုပါတယ်။
ဒီလိုအရပ်သားသေဆုံးရတဲ့အထဲ လွိုင်ကော်မြို့မှာ အများဆုံးဖြစ်ပြီး (၁၈၀)ဦးအထိ ရှိခဲ့ကာ ဒီမော့ဆိုမှာ (၁၂၃)ဦး၊ ဖယ်ခုံမှာ (၁၁၃)ဦးနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖရူဆိုမြို့မှာ (၄၅)ဦး၊ ဘောလခဲမြို့မှာ (၂၀)ဦး၊ ဖားဆောင်းမြို့မှာ (၁၁)ဦး၊ ရှားတောမြို့မှာ (၇)ဦးနဲ့ မယ်စဲ့မြို့မှာ (၃)ဦးတို့ပါဝင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာကြောင့် အရပ်သားသေဆုံးတာ (၂၆၇)ဦးရှိပြီး လက်နက်ကြီး/ငယ်ပစ်ခတ်ခံရတာကြောင့် သေဆုံးသူ (၁၄၆)ဦးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ (၄၅)ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ထိတ်လန့်သေဆုံးသူ (၁၂)ဦးရှိကာ အချုပ်၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲ သေဆုံးသူ (၁၂)ဦးနဲ့ စစ်ကောင်စီနင်းမိုင်းကြောင့် သေဆုံးသူ (၁၆)ဦးရှိတယ်လို့ သိရပါတယ်။