ဖေဖော်ဝါရီလ (၄) ရက်။
ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက စစ်ကောင်းစီဘက်က ကောလင်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ဝန်းသိုတပ်ရင်းကို အင်အားဖြည့်တင်းထားပြီး ဒီနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့မှာတော့ ကောလင်းမြို့ကို တောင်နဲ့ မြောက်နှစ်ဖက်ညှပ်ပြီး စစ်အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ (၁) ရက်နေ့က စစ်ကောင်စီဟာ ကောလင်းမြို့ မြောက်ဘက်မှာရှိတဲ့ ဝန်းသိုတပ်ရင်းကို Mi-17 နဲ့ (၄) ကြိမ်ဆင်းထားပြီး လူလက်နက်အင်အား အပြည့်အစုံနဲ့ စစ်အင်အား လာချထားတယ်လို့သိရပါတယ်။
အလားတူ ကောလင်းမြို့ တောင်ဘက်မှာရှိတဲ့ ကိုးတောင်ဘို့ စစ်ကောင်စီ အထိုင်စခန်းကိုလည်း Mi-17 နဲ့ (၇) ကြိမ်ဆင်းထားပြီး လူလက်နက်အင်အား အပြည့်အစုံနဲ့ စစ်အင်အားလာချထားတယ်လို့ သိရပါတယ်။
ကောလင်းမြို့ကို PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ (၆) ရက်နေ့မှာ မြို့ကိုသိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးပြန်လည်ထူထောင်နေတယ်လို့ NUG က ကြေညာထားပါတယ်။
NUG ရဲ့ ကောလင်းခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကတော့ ကောလင်းမြို့တွင်းရှိ ပြည်သူတွေနဲ့ မြို့အနီးဝန်းကျင်ကျေးရွာများမှာရှိတဲ့ ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ရေး စီစဉ်ဆောင်ရွက်ထားကြဖို့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက အသိပေးညွှန်ကြားထားတယ်လို့ သိရပါတယ်။