ဇူလိုင်လ (၄)ရက်။
ဇွန်လထဲ စစ်ကောင်စီတပ်သားနဲ့ရဲ (၄၃)ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေထဲ စစ်ကောင်စီရဲ့ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး (၂)ဦးနဲ့ ဒုရဲမှူးတစ်ဦးပါ၀င်ကာ PDF တပ်ရင်းတွေနဲ့ ပကဖတွေဆီ ဆက်သွယ်လာခဲ့တာလို့ ဆိုပါတယ်။
လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို MOD က သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဇွန်လထဲ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေဆီကနေ လက်နက်မျိုးစုံ (၁၈)လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေအပါအ၀င် ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ နီးစပ်ရာ PDF၊ ပကဖနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆီ ဆက်သွယ်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့ပြင် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople နဲ့ ချိတ်ဆက်ကာ ခိုလှုံကြဖို့ကိုလဲ MOD ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။