ဇူလိုင်လ (၄)ရက်။
စဉ့်ကူးမြို့က စစ်ကောင်စီရဲ့ ပင်လယ်ကြီးတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ပင်လယ်ကြီးရွာစခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။ ပျူစောထီးနဲ့ စစ်ခွေး (၃၀)ကျော်သေပါတယ်။ ကျန်တဲ့ စကစတွေလဲ ထွက်ပြေးတာတွေရှိပါတယ်” လို့ အဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပင်လယ်ကြီးရွာစခန်းသိမ်းတိုက်ပွဲထဲ ဒိုးပင်ကုန်း၊ ရေတော်နဲ့ ထုံးကြီးကျေးရွာတွေက ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၀)ကျော်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့၀င်အချို့ ထွက်ပြေးသွားခဲ့ကာ အခုအခါ စစ်ကောင်စီဘက်က စဉ့်ကူးမြို့ထဲ ခုခံစစ်ပြင်နေပြီး လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စဉ့်ကူးမြို့နယ်တောင်ပိုင်းကနေ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကာ ပင်လယ်ကြီးတပ်စခန်းတိုက်ပွဲထဲ အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သတင်းတွေက ရေးသားထားပါတယ်။
စဉ့်ကူးမြို့ထဲက စစ်ကောင်စီရဲ့ ပင်လယ်ကြီးတပ်စခန်းကို MDY-PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က နံနက်ပိုင်းကစပြီး တိုက်ခိုက်နေကာ စစ်ကောင်စီဘက်ကလဲ လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။