ဒီဇင်ဘာလ (၅)ရက်။
စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်နေကြတဲ့ စစ်တပ်ထဲက တပ်မတော်သားတွေအနေနဲ့ နောက်ဆုံးအချက်ပေးခေါင်းလောင်းထိုးနေတဲ့အချိန်ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ထဲက တပ်မတော်သားတွေအကုန်လုံး စစ်ရာဇဝတ်တရားခံနဲ့အတူ ရှေ့ဆက်မလား၊ မိမိမိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမလားဆိုတာ သေသေချာချာ စဉ်းစားရတော့မယ့်အချိန်လို့ ဆိုပါတယ်။
အခုတော်လှန်ရေးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ပြီး အခြေတည်လာခဲ့ကြတဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးဆိုတဲ့ ရည်မှန်းချက်ကိုရောက်ဖို့ အနီးဆုံးဖြစ်နေပြီလို့ ပြောဆိုထားပါတယ်။
အခုလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတယ်ဆိုတာဟာ တော်လှန်ရေးအင်အားစုတွေအတွက် ယိုင်နဲ့နေတဲ့ စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတခုအနေနဲ့ အသုံးပြုလှုပ်ရှားရမယ့်အချိန်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
နောက်ပြီး ရာဇဝတ်တရားခံအနေနဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းအမျိုးမျိုးနဲ့ ကူညီဖို့လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာကပါ သတိထားရမယ့်အချိန်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအရွေ့ကို ဦးဆောင်မယ့် အစိုးရ အားကောင်းမှသာ တော်လှန်ရေးအတွက် အကျိုးများနိုင်မှာဖြစ်တာကြောင့် အားကောင်းမောင်းသန် အရွေ့တခုဖြစ်စေဖို့ကိုပဲ စဉ်းစားဖို့နဲ့ အချိန် အကန့်အသတ် ပိုမိုဖြစ်လာပြီမို့ အားစိုက်လုပ်ဆောင်ဖို့လဲ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။