ဖေဖော်ဝါရီလ (၅)ရက်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ကို ဒေသခံတွေအနေနဲ့ အရဲစွန့်ပြီး မြို့ထဲပြန်ဝင်တာတွေ မပြုလုပ်ဖို့ PNLA ရဲ့ မနေ့က အထူးမေတ္တာရပ်ခံ သတိပေးထားတယ်လို့ သိရပါတယ်။
PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့ အပေါင်းအပါတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေမတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ လူဆိုး၊ သူခိုးတွေကိုလည်း PNLA လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးနေတယ်လို့ ဖော်ပြထားပါတယ်။
“ မနက်မိုးမလင်းသေးဘူး လက်နက်ကြီးနဲ့ပစ်တဲ့ အသံတွေက ကြားနေရတာပေါ့။ အခုမနက်ကတည်းကလည်း တိုက်ပွဲတွေဖြစ်နေတယ်။ လေယာဉ်လည်းဝဲနေတယ်” လို့ ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ကြားက အချို့ပြည်သူတွေဟာ အရဲစွန့်ပြီး နေအိမ်ပြန်ကြည့်တာ၊ ပစ္စည်းသယ်တာနဲ့၀ မြို့တွင်းပြန်ဝင်တာတွေ ပြုလုပ်ရာက စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ထိခိုက်နေရတယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် မလိုလားတဲ့ ထိခိုက်တာတွေ မဖြစ်ပေါ်စေဖို့ မြို့ထဲဝင်ရောက်တာ၊ နေအိမ်ပြန်ကြည့်တာတွေ မပြုလုပ်ဘဲ စစ်ကောင်စီဘေးရန်က ဝေးတဲ့နေရာတွေမှာ ယာယီခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။