ဇူလိုင်လ (၅)ရက်။
မနေ့က ည(၇)နာရီခွဲအချိန်မှာ ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရတယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေဦးဆေးရုံထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့မြောက်ဘက်ခြမ်းကို ၁၂၀မမ လက်နက်ကြီးတစ်လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကာ လေးရွာထဲက ကျွဲခြံအနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျွဲတွေကို နေရာပြောင်းရွှေ့ပြုလုပ်ပေးနေတဲ့ အသက်(၃၇)နှစ်အရွယ် မအေးစိုး ထိမှန်သေဆုံးခဲ့ပြီး ကျွဲတကောင်လဲ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေဦးမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ကြောင်းထိုးတာမရှိဘဲ တိုင်းရင်းဆေးရုံထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို အကြောင်းမဲ့ ပစ်ခတ်နေတာလို့ ရေးသားထားပါတယ်။
အခုလို စစ်ကောင်စီဟာ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေကြောင့် အနီး၀န်းကျင်ကျေးရွာတွေက ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့ သတိပေးထားပါတယ်။
ဒီကနေ့ နံနက်(၉)နာရီကလဲ ရေဦးတိုင်းရင်းဆေးရုံထဲက စစ်ကောင်စီတပ်ဟာ ရေဦးမြို့တောင်ဘက်လမ်းအထွက်ရှိ စိုက်ကွင်းဘက်ကို ကား(၂)စီးနဲ့ အင်အား(၁၀)ဦးခန့် လာရောက်ချထားခဲ့တာကြောင့် ဂရုစိုက်သွားလာကြဖို့ ပြောဆိုထားပါတယ်။
ဇွန်လ (၁၇)ရက်နေ့က ရေဦးတိုင်းရင်းဆေးရုံက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ဖိန်းကားရွာအနီးက ဆန်စက်တခုထဲ ကျရောက်ခဲ့ကာ ဖခင်ဖြစ်သူ သေဆုံးခဲ့ရပြီး သမီးဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။