ဇူလိုင်လ (၆)ရက်။
မနေ့က နံနက်(၁၀)နာရီမှာ ရေစကြိုမြို့ပေါ် ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရေစကြိုမြို့ပေါ် အမှတ်(၈)ရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး (၃)ဦးကို ပြောက်ကျားနည်းဗျူဟာသုံးပြီး အလစ်အငိုက် ၀င်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး (၂)ဦး သေဆုံးခဲ့ကာ တစ်ဦးက ကျောင်း၀န်းထဲကနေ ပြန်ပစ်ခဲ့တဲ့အတွက် လက်နက်မကောက်ယူနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ပစ်ခတ်တာတွေ ဖြစ်နေတဲ့အချိန် ကျောင်း၀န်းထဲ ကျောင်းသားတွေရှိနေတဲ့အတွက် အထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို မပစ်ခဲ့ဘဲ အပြင်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ ပျုစောထီးတွေကို ပစ်ခတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေအပါအ၀င် ရဲတွေနဲ့ ပျူစောထီးတွေ ရောက်ရှိလာခဲ့ပြီး အနီးနားရှိပြည်သူတွေကို ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Myingyan Black Tiger(MBT)နဲ့အတူ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ရေစကြိုမြို့နယ်ပလဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။