အောက်တိုဘာလ (၆)ရက်။
မုံရွာအကျဉ်းထောင်ထဲက CDM ပြုလုပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက Non-CDM ပြုလုပ်ဖို့ ဖိအားပေးနေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို တာဝန်မှူးရုံးခန်းခေါ်ကာ သူတို့ကိုယ်တိုင်ရေးထားတဲ့ CDM အမည်စာရင်းကနေ ပယ်ဖျက်ပေးဖို့ စတဲ့အချက်ပါတဲ့ အသနားခံစာမှာ လက်မှတ်ထိုးခိုင်းတာလို့ ဆိုပါတယ်။
လက်မှတ်မထိုးတဲ့ CDM နိုင်ငံရေးအကျဉ်းသားတွေကို တာဝန်မှူးရုံးခန်းကိုခေါ်ပြီး အသနားခံစာ တင်ပြလိုတာမရှိဘူးဆိုပြီး ရေးထားတဲ့စာမှာ ထောင်မှူးကျော်ဝင်းက လက်မှတ်ရေးထိုးခိုင်းတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် လက်မှတ်မထိုးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မှူးကိုယ်တိုင် မိသားစုကို ငဲ့ကွက်ပြီး လက်မှတ်ထိုးဖို့ ထပ်မံဖိအားပေးတာမျိုးတွေ ရှိတယ်လို့လဲ ရေးသားထားပါတယ်။
အခုအခါ မုံရွာထောင်မှာ ဖမ်းဆီးခံထားရပြီး လက်မှတ်မထိုးတဲ့ CDM နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံတရားစွဲဆိုတဲ့ဖြစ်စဉ်တွေ ရှိမရှိကို စုံစမ်းနေတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို ပြန်လာဖို့ ဖိတ်ခေါ်နေတာရှိသလို နေအိမ်ချိတ်ပိတ်တာနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။