ဩဂုတ်လ (၇)ရက်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံအနေနဲ့ ကူညီသွားမယ်လို့ ထိုင်းသံအမတ် H.E.Mr.Mongkol Visitstump က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနဲ့ မနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုတွေ့ဆုံချိန် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ထိုင်းနိုင်ငံအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ နည်းဥပဒေတွေနဲ့စပ်လျဉ်းပြီး ဆောင်ရွက်နေတာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ထိုင်းသံအမတ်ဟာ မနေ့က နေပြည်တော်မှာ စစ်ကောင်စီလ၀က၀န်ကြီး ဦးမြင့်ကြိုင်နဲ့ တွေ့ဆုံခဲ့သေးကာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ လိုအပ်ရင် ပံ့ပိုးကူညီသွားမယ်လို့လဲ ပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ လာမယ့် အောက်တိုဘာလထဲ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီး ၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေသလို တဖက်မှာလဲ ပြည်သူတွေက ကန့်ကွက်တာတွေရှိနေတယ်လို့ သိရပါတယ်။