စက်တင်ဘာလ (၇)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ M.V.P Revolution Force ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နံနက် (၇)နာရီအချိန်က မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့ချိန်မှာပဲ စစ်ကောင်စီရုံးတွေကို ၀င်ရောက်မီးရှို့ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီဂိတ်ကို စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ ဘန်ကာကို အနီးကပ် ၀င်ရောက်နိုင်ခဲ့သလို တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သားတွေနေတဲ့ ဘန်ကာအနီးရှိ နှစ်ထပ်တိုက်ကို တော်လှန်ရေးရဲဘော်တွေဘက်က ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး ဘန်ကာကိုဖြိုဖို့ လက်နက်ကြီးအားနည်းကာ ကျည်မလုံလောက်တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အခုလို တော်လှန်ရေးရဲဘော်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ဘန်ကာထဲက စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးတာကို အသေးစိတ်မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ 8+အညာမြေစစ်ဆင်ရေးအဖွဲ့၊ M.V.P Revolution Force၊ မြိုင်ပ.က.ဖ၊ မုံရွာခရိုင် ရင်း(၂၇) တပ်ခွဲ (၃) သိန်းငှက်၊ အညာမြေတပ်ပေါင်းစု၊ ဆင်ရိုင်းရာဇာ၊ god of myaing၊ ရင်း (၁၆)ခွဲ(၃)၊ anya myayguerilla force myaing၊ corba people diffence force၊ ကိုမုဆိုးအဖွဲ့၊ pku underground force၊ တမာမြေပြောက်ကျားတပ်ဖွဲ့ – မြိုင်၊ ဓားမင်းကြီးဂဋ္ဌုန် တပ်ရင်း(၁) တပ်ခွဲ(၂)နဲ့ မြိုင်နယ်drone အဖွဲ့တို့ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။