စက်တင်ဘာလ (၇)ရက်။
အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူတာတွေ ဆောင်ရွက်ပေးကြဖို့ ကုလနဲ့ အီးယူအပါအ၀င် အာဆီယံနိုင်ငံတွေကို Karenni-IEC က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် တမင်အကြံအရွယ်နဲ့ နည်းလမ်းပေါင်းစုံကနေ ကျူးလွန်နေတာကို ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တခုလိုမျိုး လွယ်လင့်တကူ မျက်ကွယ်မပြုဖို့ ဆိုပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံအသီးသီးက လက်နက်ခဲယမ်း တင်ပို့ရောင်းချတာနဲ့ လေယာဉ်ဆီရောင်းချတာတွေကို ပိတ်ဆို့အရေးယူ ရပ်တန့်ဖို့နဲ့ လူမျိုးသုန်းစေတဲ့ စစ်ရာဇ၀တ်မှုတွေကို အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
ဒါ့ပြင် Karenni-IEC ရဲ့ ထုတ်ပြန်ချက်ထဲ လအိကျေးရွာအနီးရှိ ဘန်ကောင်စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က ပေါင် (၅၀၀)ဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် (၂)နှစ်နဲ့အထက်ရှိ ကျောင်းနေကလေးတွေအပါအ၀င် အမျိုးသမီးတွေ သေဆုံးခဲ့ရတာကို ဖော်ပြထားပါတယ်။
အဲ့ဒီလုပ်ရပ်ဟာ အကြမ်းဖက်စစ်တပ်က လူသားတွေရဲ့ ဘ၀လုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်ကို လက်နက်ကိုင်ပဋိပက္ခထဲ အပြစ်မဲ့ပြည်သူတွေအပေါ် တရားလက်လွှတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကို ပြသတာလို့ ရေးသားထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာထဲ သေကြေဆုံးရှုံးကြရတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ကျန်ရစ်သူ မိသားစု၀င်တွေနဲ့အတူ ထပ်တူ ကြေကွဲ၀မ်းနည်းရကာ အကြမ်းဖက်စစ်တပ်ရဲ့ ရာဇ၀တ်မှုတွေကို ကမ္ဘာ့စစ်ခုံရုံးတွေမှာ တရားစွဲ အပြစ်ပေးအရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုပြောဆိုထားချက်အရ သိရပါတယ်။