ဖေဖော်ဝါရီလ (၈)ရက်။
လွိုင်ကော်အကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၂)ဦးအပါအဝင် အကျဉ်းသား (၆၅)ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ်လို့ KPPA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ (၃)ရက်နေ့က လွတ်ရက်စေ့ပြီး ထိန်းသိမ်းခံထားရတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီလိုကြေညာချက်ထုတ်ပြန်ခဲ့တာကို ကောလာဟလသတင်းဆိုပြီး စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေနဲ့ တယ်လီဂရမ်ချန်နယ်တွေက ပြန်လည်တုံ့ပြန်ခဲ့ပေမယ့် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မဖြစ်မနေ လွတ်ရက်စေ့ အကျဉ်းသား၊ အကျဉ်းသူတွေကို လွှတ်ပေးတဲ့အပေါ် ကြိုဆိုပေမယ့် လွိုင်ကော်ထောင်ထဲ ကျန်ရှိနေတဲ့ အကျဉ်းသားတွေဟာ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ မလုံလောက်တာနဲ့ ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားအားလုံးကို ဆန်ကြမ်းနဲ့ ငါးပိကိုသာ နေ့စဉ်ရက်ဆက် ကျွေးနေတဲ့အပြင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်ကနေ ဒီကနေ့အထိ အကျဉ်းသားတွေကို နှစ်လနီးပါး အခန်းထဲ ပိတ်လှောင်ထားတယ်လို့ ရေးသားထားပါတယ်။
ဒီလို အကျဉ်းသားတွေကို အခန်းထဲ ပိတ်လှောင်ထားတာကြောင့် ကိုယ်လက်အင်္ဂါတွေ ချိနဲ့တာမျိုး ကျန်းမာရေးထိခိုက်တာတွေ ဖြစ်နေတယ်လို့ KPPA က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အခြားအကျဉ်းသားတွေကို လုံလောက်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလေးထားဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်