ဇူလိုင်လ (၈)ရက်။
ရှမ်းမြောက်ဒေသ (၁၃)ရက်ကြာတိုက်ပွဲထဲ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား (၄၉)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့က နေ့လယ် (၁)နာရီခန့်က မိုးမိတ်မြို့ လယ်ကြီးကျေးရွာထဲ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား (၂)ဦးနဲ့ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းရှိ ဘောလုံးကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် အသက်(၆၃)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်(၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင်လ (၆)ရက်နေ့ကလဲ လားရှိုးမြို့ရှိ ရပ်ကွက်(၅)မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဇူလိုင်လ (၅)ရက်နေ့ နေ့လယ်(၁)နာရီအချိန်က လားရှိုးမြို့၊ နမ့်နွန်းရွာမှာ ကျည်ထိမှန်တာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ လားရှိုးမြို့အနီး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ တိုက်ပွဲတွေနဲ့ လမ်းပန်းအခြေအနေတွေကြောင့် စစ်ရှောင်ကားအများအပြားပိတ်မိနေကြပါတယ်။
လားရှိုးမြို့ အထက်မန်အိုင်အနီးက စစ်ကောင်စီရဲ့ ခမရ(၅၀၇)တပ်ကို ကိုးကန့်တပ်(MNDAA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောဆိုတာတွေရှိပေမယ့် တရား၀င်သတင်းထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။