ဇူလိုင်လ (၈)ရက်။
ဇူလိုင်လ (၆)ရက်နေ့က ရှမ်းမန်းစစ်ဆင်ရေးဆင်နွှဲနေတဲ့ မတ္တရာမြို့မှာ စစ်ကောင်စီရဲ့ သံချပ်ကာကားတစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြို့နယ်-ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မန္တလေးမြို့ရှိ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကနေ စစ်ကူတက်လာတဲ့ သံချပ်ကာကား (၂)စီးထဲက တစ်စီးကို RPG-7 ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ သံချပ်ကာကားတစ်စီးဟာ ဘီးတွေပျက်စီးသွားတာကြောင့် သွားလို့မရတော့တဲ့အတွက် ကျန်သံချပ်ကာကားတစ်စီးနဲ့ဆွဲပြီး နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံကနေ လက်နက်ငယ် (၅)လက်ရရှိအောင် ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့ကာ ဇူလိုင်လ (၇)ရက်နေ့မှာလဲ ဖြတ်တောက်ပိတ်ဆို့တဲ့ တိုက်ပွဲကနေ လက်နက်ငယ် (၄)လက်ရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီတိုက်ပွဲကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ်ပကဖ၊ မတ္တရာတိုက်နယ်(၂)ပကဖနဲ့ ပြင်ဦးလွင်ခရိုင်အမှတ်(၁)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ရေးသားထားပါတယ်။
ရှမ်းမန်းစစ်ဆင်ရေးစတင်ချိန်ထဲက ပကဖတွေ ပူးပေါင်းတိုက်ခိုက်နေပြီး ပိတ်ဆို့ရေးနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကို ဆင်နွှဲနေကာ ခြေလျင်စစ်ကြောင်းတွေသာမက သံချပ်ကာကား အစောင့်လိုက် စစ်ကူစစ်ကြောင်းတွေကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။