အောက်တိုဘာလ (၈)ရက်။
စစ်အာဏာသိမ်းတာကို တရားဝင်အာဏာအနေနဲ့ အသွင်ပြောင်းဖို့အတွက် ရွေးကောက်ပွဲကို လက်နက်တခုလို အသုံးချတာလို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကျင့်ထုံးနဲ့ ဒီမိုကရေစီမူတွေကို အခြေတည်ပြီးလုပ်တဲ့ ရွေးကောက်ပွဲမဟုတ်ပါဘူး။ စစ်အာဏာသိမ်းတာကို တရားဝင်အာဏာအနေနဲ့ အသွင်ပြောင်းဖို့ လက်နက်တခုလို အသုံးချတဲ့ကိစ္စသာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ နာမည်တပ်ရတာဖြစ်ပြီး နိုင်ငံတကာ လေ့လာဆန်းစစ်ချက်တွေမှာလဲ အခုလိုဖြစ်စဉ်တွေ အမြောက်အမြား ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်တွင်းရေးကိစ္စတွေမှာ ဒေသထဲနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်တာက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကာ ဒေသထဲတည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို့ကြိုးစားနေကြတာလို့ ယာယီသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အခုဖြစ်ရပ်တွေဟာ နိုင်ငံထဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကထဲက အမြစ်တွယ်ပြီး ပံ့ပိုးလာတဲ့ စစ်အာဏာရှင်စရိုက်တွေရဲ့ စုပြုံအကျိုးပေးတာကြောင့်ဖြစ်ကာ အခြေအနေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့မရဘူးလို့ ဆိုပါတယ်။
ဒေသထဲနိုင်ငံတွေရဲ့ တုံ့ပြန်ချက်တွေဟာ ရေတိုသဘောထက် ရေရှည်သဘောကို သွားနိုင်ဖို့လိုကာ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအခြေခံစံတန်ဖိုးတွေကို ယုံကြည်ကြတာဖြစ်တာကြောင့် ဒီမိုကရေစီရွေးကောက်ပွဲကို မူအနေနဲ့ လက်ခံထားပြီးဖြစ်တယ်လို့ ပြောဆိုချက်အရ သိရပါတယ်။