မတ်လ (၉)ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို ဒီကနေ့ကစပြီး အရေးပေါ်ယာယီပိတ်ထားလိုက်ပြီလို့ လက်မှတ်အရောင်းဌာနတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။
“ မြစ်ကြီးနားလေဆိပ် အ၀င်အထွက်တွေ ဒီကနေ့ကစပြီး ယာယီပိတ်လိုက်ပါတယ်၊ မြစ်ကြီးနားခရီးစဉ်တွေ ဒီကနေ့ ဖျက်လိုက်ရပါတယ်” လို့ လက်မှတ်အရောင်းဌာနတစ်ခုက ဆိုထားပါတယ်။
အခုလို မြစ်ကြီးနားလေဆိပ်ကို ပိတ်လိုက်တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာကိုင်တွေဘက်ကတော့ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။
မနေ့က ညပိုင်းအချိန်ကစပြီး ဒီကနေ့ နံနက်အထိ မြစ်ကြီးနားမြို့မှာ လက်နက်ကြီး ပစ်ခတ်သံတွေနဲ့ ပေါက်ကွဲသံတွေ ကြားနေရတာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ပြင် ဗန်းမော်မြို့က လေဆိပ်လဲ (၁၀၇)မမနဲ့ (၂)ကြိမ်ပစ်ခတ်ခံရကာ လေယာဉ်ပြေးလမ်း ပျက်စီးသွားတာကြောင့် ပိတ်ခဲ့ရတယ်လို့ သိရပါတယ်။