ဇူလိုင်လ (၉)ရက်။
စစ်ဆင်ရေး (၁၅)ရက်မြောက်နေ့မှာ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေက စစ်ကောင်စီစခန်း (၄)ခုကို လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ မိုးမိတ်မြို့က သရက်တောစခန်းနဲ့ မိုင်တိုင်(၆)စခန်းတို့ဖြစ်ကာ မိုးကုတ်မြို့က မိုင်တိုင်(၅)စခန်းနဲ့ ယောမူးစခန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ နံနက်ပိုင်းက မိုးမိတ်မြို့ထဲ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ (၆)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွှေတောင်ဦးရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သရက်တောဘုန်းကြီးကျောင်းကိုလဲ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးထဲ နောင်ချိုမြို့ သဲခေါ်ရွာအနီးတိုက်ပွဲကို ဘန့်ဘွေးအခြေစိုက် စစ်ကောင်စီတပ်က အတွဲလိုက်ဒုံး (၃၁)လုံးအပြင် ဒရုန်းနဲ့တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျောက်မဲမြို့က တောဆန်ရွာကို ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်အပါအ၀င် လက်နက်ကြီးနဲ့ (၂)ကြိမ် ပြည်သူတွေရှိရာကို တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။