ဩဂုတ်လ (၉)ရက်။
အခုနှစ် (၆)လတာကာလ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ (၈၆)ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ CDF-Mindat ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မင်းတပ်မြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အထဲ အပြစ်မဲ့ပြည်သူ (၁၄)ဦးအထိ သေဆုံးခဲ့ကာ သေဆုံးသူတွေထဲ မြို့နယ်ပြင်ပကို ကယ်ရီသမားအနေနဲ့သွားကြတဲ့သူ (၆)ဦးပါ၀င်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ် (၅၃)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း (၁)လုံးနဲ့ စာသင်ကျောင်း (၁)လုံး ပျက်စီးခဲ့ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့၀င် (၃)ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေနဲ့ (၆)လတာထဲ ကျင်ဒွေးစခန်းသိမ်းတိုက်ပွဲနဲ့ မတူပီမြို့သိမ်းတိုက်ပွဲတို့မှာ ပါ၀င်တိုက်ခိုက်ခဲ့ကာ တပ်ဖွဲ့၀င် (၁၂)ဦး အသက်ပေးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီအသက်ပေးခဲ့ရတဲ့ ရဲဘော်တွေဟာ ငှက်ဖျားရောဂါနဲ့ (၃)ဦးပါ၀င်ပြီး မတူပီမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၃၀၄)နဲ့ ခလရ(၁၄၀) စခန်းသိမ်းတိုက်ပွဲမှာ CNA တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ CNF/CNA က ဖမ်းဆီးထားတဲ့ AA ရဲဘော် (၂)ဦးကို ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ နောက်နောင် အခုလိုလုပ်ရပ်တွေကို ထပ်မလုပ်ဖို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။