နိုဝင်ဘာလ (၁၀)ရက်။
မနေ့က နံနက် (၉)နာရီလောက်ကစပြီး မင်းတပ်မြို့ရှိ ခေါနူးရိပ်သာအနီးတဝိုက်က ပြည်သူတွေရဲ့နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ CDF-MINDAT ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက်(၉)နာရီလောက်ကစပြီး ရဲစခန်းအရှေ့ ခေါနူးရိပ်သာဘက်က နေအိမ်တွေကို စခနဲ့ ရခတွေက မီးရှို့ခဲ့ကြတာပါ။ မီးခိုးတွေလဲ တော်တော်များတယ်။ တောင်ဘက်ခြမ်းက ခန့်မှန်းခြေ နေအိမ် (၁၀)လုံးကျော်လောက် ပါသွားတယ်” လို့ ဆိုပါတယ်။
နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်ကလဲ မင်းတပ်မြို့အနောက်ဘက် ဆောက်လုပ်ရေးဝန်းအနောက်ဘက်ခြမ်းနားနဲ့ ကန်ပက်လက်လမ်းခွဲအနီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြကာ လက်နက်ကြီးတွေနဲ့ပါ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး ညနေ (၄)နာရီကျော်အချိန်ကလဲ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်ကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ မင်းတပ်မြို့အနောက်ဘက်ခြမ်းကို လေကြောင်းကနေ (၂)ကြိမ် တိုက်ခိုက်ခဲ့ပါသေးတယ်။
“ မနေ့ကစပြီး မြို့ပေါ်က စကစတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက စတိုက်နေတာ။ စကစဘက်ကလဲ လေကြောင်းကနေ အသည်းအသန်ခုခံနေပြီး နေအိမ်တွေကို မီးလိုက်ရှို့နေတာ။ တိုက်ပွဲအခြေအနေတော့ ပြောမရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။
မနေ့က နံနက်ပိုင်းအချိန်ကစပြီး မင်းတပ်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲခုခံနေသလို မြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အခြေအနေကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ သိရပါတယ်။