ဒီဇင်ဘာလ (၁၀)ရက်။
ရပ်စောက်မြို့၊ ကျောက်ဂူဒေသက (၁၀)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ကျော်သေဆုံးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျောက်ဂူဒေသမှာ နိုဝင်ဘာလ (၃၀)ရက်နေ့ကစပြီး DPLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေကာ စစ်ကောင်စီဘက်က အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
DPLA အနေနဲ့ ကျောက်ဂူဒေသမှာ စစ်ကောင်စီရဲ့ နယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ ကျောက်ဂူအမြောက်တပ်(အမတ-၃၄၉)နဲ့ နောင်ဝိုးတပ်(ခလရ၂၉၂)နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရပ်စောက်မြို့ ကျောက်ဂူဒေသကနေ နောင်ချိုမြို့ တောင်ခမ်းကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့လဲ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ DPLF က ပြောဆိုထားပါတယ်။
အခုအခါ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေထိုင်ကြဖို့နဲ့ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာသာ စစ်ဘေးရှောင်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။