ဇွန်လ (၁၁)ရက်။
မေလထဲက PDF တပ်ရင်းတွေ၊ ပကဖတွေကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သားနဲ့ရဲ (၄၅)ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲ အရာရှိအဆင့် ဗိုလ်မှူး (၃)ဦး၊ ဗိုလ်ကြီး (၁)ဦး၊ ဗိုလ် (၁)ဦးနဲ့ ဒုရဲအုပ် (၁)ဦးတို့ပါဝင်ကာ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက်ကို ကူးပြောင်းလာခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ (၄၅)ဦးထဲမှာ လက်နက်နဲ့အတူ ခိုလှုံလာသူတွေလဲရှိပြီး လက်နက်ယူဆောင်လာသူတွေကို သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မေလထဲ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေ ယူဆောင်လာတဲ့ လက်နက်မျိုးစုံ (၂၄)လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ နီးစပ်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ ခိုလှုံကြဖို့ MOD က တိုက်တွန်းထားတယ်လို့ သိရပါတယ်။