နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

ဆောင်းပါးများ

ဆောင်းပါးများ နည်းပညာ ဘာသာပြန်ဆောင်းပါး မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တု ကျိန်စာသင့်နေသော မြန်မာနိုင်ငံ

‘အနစ်နာခံရပ်ဝန်း’ မြန်မာနိုင်ငံသည် ပြည့်ဖြိုးမြဲစွမ်းအင်၏ ဘေးဒဏ်ကို ခံစားနေရသည်။

အေပီ သတင်းထောက်များဖြစ်သော DAKE KANG၊ VICTORIA MILKO နှင့် LORI HINNANT တို့မှ ၂၀၂၂ခုနှစ် သြဂုတ် ၁၀ရက်နေ့ တွင်ရေးသားသည့် ‘The Sacrifice Zone’: Myanmar bears cost of green energy သတင်းဆောင်းပါးကို ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့မှ တိုက်ရိုက်မြန်မာပြန်သည်။

ငှက်တွေ သီချင်းသီဆိုခြင်း မရှိတော့၊ အသီးအနှံတွေလည်း မပေါက်တော့။ အညိုရောင်ပြောင်းသွားတဲ့ မြစ်တွေထဲမှာ ငါးတွေလည်း ရေမကူးတော့ဘူး။ တိရစ္ဆာန်များလည်း ကျင်လည်ကျက်စား သွားလာနေခြင်း မပြုတော့၊ တစ်ခါတစ်ရံ နွားများ သေဆုံးနေသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းက တောတောင်တွေမှာ မျိုးဆက်တဆက်ပြီးတဆက် အစဉ်တစိုက် နေထိုင်လာခဲ့ကြသည့် လူများ၏နေထိုင်မှုဘဝများ ပျောက်ဆုံးကုန်ပြီ ဖြစ်သည်။ ယင်းကိစ္စအတွက် တိုင်တန်းလျှင်လည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။

ဤသစ်တောသည် ခေတ်သစ်ကမ္ဘာ၏ ဗီတာမင်ဟုခေါ်သော မြေရှားသတ္ထုဟု သိကြသည့် အဓိကသတ္တုဒြပ်စင်များစွာထွက်သည့် ရင်းမြစ်တခုဖြစ်သည်။ ယခုအခါ မြေရှားသတ္ထုသည် ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါး၏ဘဝ အသုံးအဆောင်များထဲသို့ ရောက်ရှိသွားကာ ဟာ့ဒ်ဒရိုက်များနှင့် ဆဲလ်ဖုန်းများမှအစ ဓာတ်လှေကားများနှင့် ရထားများအထိ အရာအားလုံးကို ပြောင်းလဲပေးသည်။

၎င်းတို့သည် ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အရှိန်အဟုန်ဖြင့် ကြီးထွားလာနေသော လေအားတာဘိုင်များနှင့် လျှပ်စစ်ကားအင်ဂျင်များကို လည်ပတ်ရန်အတွက် အထူးအရေးကြီးပါသည်။ ၎င်းတို့သည် ဂျင်နရယ်မော်တာ (General Motors)၊ ဗောက်စ်ဝက်ဂွန် (Volkswagen)၊ မာစီးဒီး (Mercedes)၊ တက်စ်လာ (Tesla) နှင့် အက်ပဲလ်(Apple) တို့အပါအဝင် ကမ္ဘာပေါ်ရှိ အထင်ရှားဆုံး ကုမ္ပဏီအချို့၏ ထောက်ပံ့ရေးကွင်းဆက်များသို့ ထိုမြေရှားသတ္ထုများကို ပို့ဆောင်ခဲ့ကြသည်။

သို့သော် AP ၏ စုံစမ်းစစ်ဆေးမှုအရ ၎င်းတို့သည် သူတို့၏ စက်မှုနယ်ပယ်တွင် သိသာထင်ရှားသည့် ညစ်ငြမ်းသော လုပ်ဆောင်ချက်များ၏လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည်။ ထိုထုတ်လုပ်မှု၏ အကျိုးသက်ရောက်သည့် ထိခိုက်မှုများတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရွာသားများထံမှ မြေယာခိုးယူမှုနှင့် မြန်မာစစ်အစိုးရနှင့် ဆက်စပ်မှုရှိသော ရက်စက်ကြမ်းကြုတ်သည့် ပြည်သူ့စစ်များထံ ငွေကြေးစီးဆင်းမှုများ ပါဝင်သည်။ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုနှင့်အတူ မြေရှားသတ္ထုများ၏ ဝယ်လိုအား တိုးလာသည်နှင့်အမျှ အလွဲသုံးစားမှုများလည်း တိုးပွားလာဖွယ်ရှိသည်။

“သတ္တုတွင်းကနေ ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ဖို့ အရှိန်အဟုန်နဲ့ တွန်းအားပေးတာဟာ ရာသီဥတုပြောင်းလဲမှုဆိုတဲ အမည်နဲ့ တိုက်ရိုက်သက်ဆိုင်နေခဲ့ပါတယ်” ဟု “မြေရှားသတ္ထု နယ်နမိတ်များ” စာအုပ်ကို ရေးသားသူ ဂျူလီမစ်ရှယ်လ် ကလင်ဂျာ (Julie Michelle Klinger) က ဆိုသည်။ သူသည် တရားမဝင် စွမ်းအင်သုံး ဓာတ်သတ္တုများ ထုတ်လုပ်နေမှုကို ခြေရာခံသည့် ဗဟိုစီမံကိန်းကို ဦးဆောင်နေသူဖြစ်သည်။ “ သူတို့ကို မိုင်းတူးဖော်ဖို့ သင့်တော်တဲ့နေရာကိုရှာဖို့ ဒီတွန်းအားက ရှိနေတုန်းပဲ၊ အဲဒါကလူတွေ မြင်နိုင်တဲ့မြင်ကွင်းကနေ ကင်းမဲ့နေတဲ့ နေရာတွေ မတွေးမိတဲ့နေရာတွေပါ” ဟု သူက ဆိုသည်။

AP စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မြန်မာနိုင်ငံမှ မြေရှားသတ္ထုမြေများနှင့်ပတ်သက်သည့် ကုမ္ပဏီ ၇၈ ခု၏ ထောက်ပံ့ရေးကွင်းဆက်များနှင့် ချိတ်ဆက်နေမှုကို လေ့လာနိုင်ရန်အတွက် အကောက်ခွန်မှတ်တမ်းများ၊ တရုတ်ပညာရှင်များ တင်သွင်းသည့်စာတမ်းများ အပါအဝင် ဘူမိဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများနှင့်အတူ ဂြိုလ်တုပုံရိပ်များနှင့် ဒါဇင်ပေါင်းများစွာသော အင်တာဗျူးများကို ဆောင်ရွက်ခဲ့ကြသည်။

ကုမ္ပဏီသုံးပုံတစ်ပုံခန့်က မေးမြန်းမှုကို တုံ့ပြန်ခဲ့သည်။ ၎င်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် မြေရှားသတ္ထုကိုမည်သည့်နေရာမှ ရယူခဲ့သည်ကို မတုံ့ပြန်ခဲ့ သို့မဟုတ် မှတ်ချက် မပေးခဲ့ကြပေ။ မြေရှားသတ္ထုများအတွက် လုံ့လစိုက်ထုတ် လုပ်ဆောင်နေသည်ဟု ဗောက်စ်ဝက်ဂွန် အပါအဝင် ၎င်းတို့၏ ရရှိနေသော အရင်းအမြစ်များနှင့်ပတ်သက်၍ လုံလဝရိယဖြင့် လေ့လာနေကြကြောင်း ပြောကြသည်။ အားလုံးနီးပါးက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် လူ့အခွင့်အရေးကို အလေးအနက်ထား ပြောဆိုကြပါသည်။ ကုမ္ပဏီအချို့က ၎င်းတို့၏ မြေရှားသတ္ထု ထောက်ပံ့ရေးကွင်းဆက်များကို စစ်ဆေးခဲ့သည်ဟု ဆိုခဲ့ပြီး အခြားသူများက စုံစမ်းမှုမပြု သို့မဟုတ် မြေရှားသတ္ထုပေးသွင်းသူ ကိုယ်တိုင်၏ အကဲဖြတ်ချက်သာ လိုအပ်သည်ဟုဆိုသည် ။

ဂျင်နရယ်မော်တာက ၎င်းသည် “မြေရှားသတ္တုများ ထုတ်လုပ်မှု၏ အန္တရာယ်ရှိမှု” ကို နားလည်ပြီး မကြာမီ အမေရိကန်မှ ပေးသွင်းသည့် ရင်းမြစ်ကို ရရှိမည်ဟု ဆိုသည်။ မှတ်ချက်ပေးရန် ထပ်ခါတလဲလဲ တောင်းဆိုမှုများကို တက်စ်လာက မတုံ့ပြန်ခဲ့။ ဤအကြောင်းအရာအတွက် ပိုမိုသိရှိရန် မြေရှားသတ္ထုပေးသွင်းသူများထံ ဆက်သွယ်ခဲ့ကြောင်း မာစီးဒီးမှ ပြောကြားခဲ့သည်။ အက်ပဲလ် (Apple) က ၎င်းတို့အသုံးပြုသော မြေရှားသတ္ထုများထဲမှ အများစုကို ပစ္စည်းဟောင်းများမှ ပြန်လည်ထုတ်ယူ အသုံးပြုထားပြီး မြန်မာနိုင်ငံမှ ရရှိကြောင်း မည်သည့်အထောက်အထားမျှ မတွေ့ရှိရကြောင်း ပြောကြားခဲ့သော်လည်း ကျွမ်းကျင်သူများက ယေဘုယျအားဖြင့် သေချာအောင် စစ်ဆေးရန် နည်းလမ်းမရှိကြောင်း ပြောကြားခဲ့သည်။

ပတ်ဝန်းကျင် ညစ်ငြမ်းစေသော ထုတ်လုပ်မှုဖြင့် ထုတ်ယူထားသည့် မြေရှားသတ္ထုများသည် ကုမ္ပဏီများ၏ ထောက်ပံ့ရေး ကွင်းဆက်များသို့ ရောက်ရှိသွားသကဲ့သို့ ၎င်းတို့သည်လည်း စည်းမျဉ်းစည်းကမ်း ဟာကွက် အက်ကွဲကြောင်းများမှတဆင့် လျောဝင်လွတ်မြောက်သွားခဲ့သည်။

ကွန်ဂိုစစ်ပွဲကို တုံ့ပြန်သည့်အနေဖြင့် ၂၀၁၀ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်မှ ကုမ္ပဏီများအနေနှင့် တန်တာလန် (tantalum)၊ သံဖြူ (tin)၊ ရွှေနှင့် အဖြိုက်နက် (tungsten) ဟုခေါ်သော ပဋိပက္ခဆိုင်ရာ သတ္တုများ၏ မူလမည်သည့်နေရာကရရှိသည်ဆိုသည့် ဇစ်မြစ်ကိုထုတ်ဖော်ရန် ကုမ္ပဏီများကို တောင်းဆိုခဲ့ပြီး ၎င်းတို့၏ အရင်းအမြစ် ထုတ်လုပ်ယူမှုသည် လက်နက်ကိုင်အဖွဲ့များကို အကျိုးမပြုရဟု ကတိပေးခဲ့သည်။ သို့သော် မြေရှားသတ္ထုများကိုမူ ဥပဒေအရ ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိပေ။ စာရင်းစစ်များသည် ကုမ္ပဏီတစ်ခုချင်းစီအပေါ်တွင်သာ လွှဲအပ်ထားပြီး မည်သည့် အေဂျင်စီတစ်ခုကမှ တာဝန်ခံခြင်း မရှိပါ။

အမေရိကန်၏ မြေရှားသတ္ထု ထောက်ပံ့ရေးလုပ်ငန်းကို ဦးဆောင်သည့် နိုင်ငံခြားရေးဌာနသည် မှတ်ချက်ပေးရန် ထပ်ခါတလဲလဲ တောင်းဆိုမှုများကို တုံ့ပြန်ခြင်း မရှိပေ။ သို့သော် အစိုးရသည် လျှပ်စစ်ကားများ ရောင်းချခြင်းနှင့် အသုံးပြုခြင်းကဲ့သို့သော အခြားပြည့်ဖြိုးမြဲစွမ်းအင်ပန်းတိုင်များနှင့် မြေရှားသတ္ထုထုတ်ဖော်ရေးစည်းမျဉ်းတို့ကို ချိန်ဆထားကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

ကွန်ဂရက်တွင် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေသဖြင့် ယင်းကိစ္စအတွက် ပြောဆိုမှုသည် ပိုမိုခက်ခဲမှု ရှိလာခဲ့သည်ဟု ၎င်းတို့က ဆိုသည်။ မြေရှားသတ္ထုများကိုလည်း ပြဿနာရှိနေသော တွင်းထွက်ပစ္စည်းများဆိုင်ရာ ဥရောပသမဂ္ဂ၏ ၂၀၂၁ စည်းမျဉ်းမှ ချန်လှပ်ထားခဲ့သည်။

ဥရောပကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဥရောပသို့ ပြန့်နှံ့နေသော ထောက်ပံ့ရေးကွင်းဆက်အား ကြီးကြပ်မှုတွင် ကွာဟချက်များအား မှတ်သားထားပြီး မြေရှားသတ္ထုများကို ထိန်းညှိရန် တရုတ်၏ အားစိုက်လုပ်ဆောင်နေမှုသည် အလုပ်ဖြစ်မဖြစ်မှာ မရှင်းလင်းသေးကြောင်း ပြောကြားခဲ့သည်။ စည်းမျဉ်း သို့မဟုတ် အခြားရွေးချယ်စရာများ မရှိသဖြင့် ကုမ္ပဏီများသည် ESG ဟု လူသိများသော သဘာဝပတ်ဝန်းကျင်၊ လူမှုဝန်းကျင်နှင့် အုပ်ချုပ်မှုဆိုင်ရာ စာရင်းစစ်များ မပါဘဲ မြေရှားသတ္ထုများကို တိတ်တဆိတ် ဆက်လက်ပို့ဆောင်လျက်ရှိသည်။

“ မြေရှားသတ္ထုများ ထုတ်လုပ်မှုအားလုံးအတွက် ESG စာရင်းစစ်တွေနဲ့ စစ်ဆေးရေး လုပ်ချင်တယ်” လို့ အခုကမ္ဘာက ပြောရင် ဘယ်လို ရလဒ်ဖြစ်မလဲ” ဟု တွင်းထွက်နှင့် သတ္တုထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုကို လုပ်ဆောင်သည့် ဂျင်ဂျာနိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု (Ginger International Trade & Investment) ၏ ဒါရိုက်တာ သောမတ်စ် (Thomas Kruemmer) က ပြောကြားခဲ့သည်။ “ ရလဒ်ကတော့ ထုတ်လုပ်မှုရဲ့ ၇၀% ကို ပိတ်ပစ်ရလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

မြေရှားသတ္ထုများကို ထုတ်လုပ်ရာတွင် မြေရှားသတ္ထုကိုသာလျှင် သီးခြားနှုတ်ယူလိုက်ပြီး ယင်းနိုင်ငံမှ ထွက်ခွာသွားစဉ် အညစ်အကြေးနှင့် အပျက်အစီးများကို ထုတ်ယူခဲ့သော နိုင်ငံများတွင် ထားရစ်ခဲ့ခြင်း ဖြစ်သည်။

မြေရှားသတ္ထုဟု ခေါ်တွင်သော်လည်း ဤဒြပ်စင်များသည် ကမ္ဘာမြေအပေါ်ယံလွှာတွင် ပမာဏအားဖြင့် အတော်အတန် တွေ့ရှိရသည်။ ယင်းတို့တွင် နည်းပညာအတွက် အရေးပါသော ထူးကဲသော သံလိုက်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သတ္တုတွင်းများတွင် မြေရှားသတ္ထုများကို လုံလောက်စွာရရှိအောင် ထုတ်ယူခြင်းသည် ပြင်းထန်ပြီး ထိုနေရာဒေသ ၏ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် အမေရိကန်ပြည်ထောင်စုသည် သဘာဝပတ်ဝန်းကျင်နှင့် ကုန်ကျစရိတ်ဆိုင်ရာ ပြဿနာများကြောင့် တရုတ်နိုင်ငံသို့ ၎င်း၏ မြေရှားသတ္ထုများ တူးဖော်မှုကို လွှဲပေးကာ မျက်ကွယ်ပြု ထားခဲ့သည်။ ထိုအချိန်က တရုတ်ခေါင်းဆောင် တိန်းရှောင်ဖိန်က “အရှေ့အလယ်ပိုင်းတွင်ရေနံ” ကဲ့သို့ တရုတ်နိုင်ငံ၏ မြေရှားသတ္ထုသည် အဓိကဝင်ငွေရလမ်းအဖြစ် ကြေညာခဲ့သည်။

ကျေးလက်ဒေသရှိ ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများသည် နှစ်ပေါင်းများစွာ စိုက်ပျိုးခြင်းထက် တစ်လအတွင်း မြေရှားသတ္ထုများ တူးဖော်မှုက ဝင်ငွေပိုမိုရနိုင်သည်ကို တွေ့ရှိခဲ့ကြသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ မြေရှားသတ္ထုများ အနက်မှ ထိပ်တန်း သတ္တုတွင်းထွက်နိုင်ငံ ဖြစ်လာခဲ့သည်။ ဘေဂျင်းမဂ္ဂဇင်းတစ်စောင်က အမြတ်ငွေကို “မူးယစ်ဆေးထက် ပိုစွဲလမ်းစေသည်” ဟု ခေါ်ဆိုခဲ့သည်။

ထို့နောက် လူထု၏ဝေဖန်မှုများသည် ပေကျင်းမှ တာဝန်ရှိသူများကို အံ့အားသင့်စေခဲ့ပြီး မြေရှားသတ္ထုများ တူးဖော်ခြင်း အပါအဝင် နိုင်ငံ၏ပတ်ဝန်းကျင် ညစ်ညမ်းသော လုပ်ငန်းများကို ကန့်သတ်ခဲ့သည်။ ဘေဂျင်းတွင် ၂၀၁၂ ခုနှစ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ်ထိပ်တန်းစက်မှုလုပ်ငန်းမှ အရာရှိတစ်ဦးသည် မြေရှားသတ္ထု ထုတ်ယူထားသည့် မြေကွက်လပ်တွင် သစ်ပင်များ မပေါက်နိုင်တော့သည့် ဓာတ်ပုံများကို ပြသခဲ့သည်။

ထိုတားမြစ်ပိတ်ပင်မှုအတွင်း အဖမ်းခံခဲ့ရသူ ဂွာ (Guo) ကဲ့သို့သော မိုင်းတွင်းလုပ်သားများဖြစ်ပြီး ၎င်း၏ နောက်ဆုံးအမည်ဖြင့်သာ ဖော်ပြပေးရန် တောင်းဆိုခဲ့သည်။ ယခင်က ကားပြုပြင်သူ ဂွာသည် ၎င်း၏ဇာတိ ဂျန်ရှီ (Jiangxi) ပြည်နယ်တွင် ပေါများလှသော မြေရှားသတ္ထုများ ထုတ်လုပ်သည့် လုပ်ငန်းတွင် ပါဝင်ပြီးနောက် ဝင်ငွေကောင်းသော အသက်မွေးဝမ်းကြောင်းကို နှစ်အတန်ကြာအောင် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ဘေဂျင်းသည် ကမ္ဘာ့အပြင်းထန်ဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေအချို့ကို ပြဋ္ဌာန်းခဲ့ပြီး မိသားစုလုပ်ငန်းလေးများကို ပိတ်ပစ်ခဲ့ရသည်။

ယခုအခါ တရုတ်ဂြိုလ်တုများသည် အာကာသမှ လျှို့ဝှက်မိုင်းများကို ရှာဖွေလျက် ရှိသည်။ သို့သော် တရုတ်နိုင်ငံမှ ထုတ်လုပ်မှုအား စောင့်ကြည့်နေချိန်တွင်ပင် ကမ္ဘာ့မြေရှားသတ္ထုများ ဝယ်လိုအားသည် ၂၀၄၀ တွင် ၃၀၀% မှ ၇၀၀% အထိ တိုးလာမည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ခန့်မှန်းထားသည်။ အမေရိကန်တွင် အဆိုပြုထားသော ငွေကြေးဖောင်းပွမှု လျှော့ချရေးဥပဒေသည် ကမ္ဘာ့အကြီးဆုံးဈေးကွက်များထဲမှ လျှပ်စစ်ကားများ ရောင်းချမှုကို ထောက်ပံ့ခြင်းဖြင့် ဝယ်လိုအားကို ပိုမိုတိုးလာစေမည်ဖြစ်သည်။

မြန်မာနိုင်ငံမှာ ကွင်းဆင်းပြီး အလုပ်လုပ်နေသည့် Global Witness မှ အကြီးတန်းသုတေသီ ကလဲရာ ဟမ်မွန် (Clare Hammond) က “ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းတဲ့ အဖြစ်မှန်က ဒီလိုသဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုတွေကို လှုံ့ဆော်ပေးတဲ့ ငွေကြေးတွေဟာ ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာတွေကို ချဲ့ထွင်လာတာကြောင့် ကမ္ဘာမှာ အရှိန်အဟုန်နဲ့ ဒီတွင်းထွက်ပစ္စည်း (မြေရှားသတ္ထုများ) ဝယ်လိုအား ကြီးထွားလာတဲ့ အခြေအနေကနေ ဖြစ်လာတာပါ” ဟု သူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ မြေရှားသတ္ထုများကို မှီခိုအားထားနေရသော ဥရောပနှင့် ၎င်း၏အကြီးကျယ်ဆုံးပြိုင်ဘက် အမေရိကန်ပြည်ထောင်စုတို့မှ ယှဉ်ပြိုင်မှုကိုလည်း တရုတ်နိုင်ငံက တုံ့ပြန်လျက်ရှိသည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် မြေရှားသတ္ထုကို မှီခိုနေရမှုသည် သူတို့အတွက် အမျိုးသားလုံခြုံရေးအန္တရာယ်ရှိသည်ဟု အမေရိကန်က ဆိုသည်။ တရုတ်၏ အရန်မြေရှားသတ္ထုသိုက်များ ကျုံ့သွားခြင်းကြောင့် အနောက်နိုင်ငံများ၏ လုပ်ငန်းအပေါ် ၎င်း၏ ထိန်းချုပ်ထားမှုကို ချိုးဖျက်နိုင်မည်ဟု စိုးရိမ်သဖြင့် တရုတ်ကုမ္ပဏီများကို နိုင်ငံခြားသို့ မြေရှားသတ္ထုသိုက်များကို ရှာဖွေကြည့်ရှုရန် တိုက်တွန်းခဲ့သည်။ “သဘာဝပတ်ဝန်းကျင် ထိန်းချုပ်မှုတွေဟာ ပိုပြီးတင်းကျပ်လာပါတယ်” ဟု အမည်မဖော်လိုသည့် အစိုးရကုန်သွယ်မှု သုတေသီတစ်ဦးက မီဒီယာသို့ အမည်မဖော်ဘဲ ပြောကြားခဲ့သည်။ “အဲဒါကြောင့် သွင်းကုန်တွေ များလာတယ်။ နိုင်ငံခြားကနေ မြေရှားသတ္ထုများတွေ ရရင် ပိုကောင်းတယ်”ဟုဆိုသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အခြေအနေကို “နားမလည်” ကြောင်းနှင့် အခြားဝန်ကြီးဌာနများသို့ မှတ်ချက်ပေးရန် တောင်းဆိုချက်တစ်ခုကို ညွှန်းဆိုခဲ့သည်။ စက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနများနှင့် ဂျန်ရှီ (Jiangxi) ဒေသအစိုးရတို့သည် မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တုံ့ပြန်ခြင်း မရှိပေ။

တရုတ်နိုင်ငံတွင် သတ္တုတွင်းများ ပိတ်လိုက်ခြင်းကြောင့် သတ္တုရိုင်းများ ဈေးတက်လာသည်။ မြေရှားသတ္ထုများဟု သိကြသည့် ကမ္ဘာ့အများဆုံး သတ္ထုသိုက်များ ရှိသည့် အိမ်နီးချင်း မြန်မာနိုင်ငံတွင် အခွင့်အလမ်း ပေါ်လာသည်။ ဂျန်ရှီသတ္တုတွင်းလုပ်သား ထောင်ပေါင်းများစွာသည် နယ်စပ်ကိုဖြတ်၍ မြန်မာပြည်တွင်းသို့ စီးဆင်းလာခဲ့ကြသည်။

“အာဖရိကအပေါ် ဥရောပတိုက်က ကိုလိုနီတွေရဲ့ ကျူးကျော်လာတဲ့ သဘောထားတွေကို အမှတ်ရစေတယ်” ဟု အမည်မဖော်လိုသူ တရုတ်အစိုးရနှင့် ဆက်ဆံရေး မထိခိုက်စေရန် စက်မှုလုပ်ငန်းလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံလို အာဏာရှင်စနစ်မှာ တတိယကမ္ဘာက သတ္တုတူးဖော်ရေး ကျင့်ထုံးတွေကို ခင်ဗျား အားကိုးလို့ မရပါဘူး။ ရေရှည် မတည်တံ့ပါဘူး။” ဟု ပြောဆိုချက်က ဂွာကို စိတ်အနှောက်အယှက် မဖြစ်စေခဲ့ပါ။

၂၀၁၉ ခုနှစ်တွင် ဂွာထံသို့ အဆက်အသွယ်ဟောင်းတစ်ဦးထံမှ ဖုန်းဝင်လာခဲ့သည်။ သူက “ မြန်မာနိုင်ငံမှာ ဆိုင်ဖွင့်ထားတယ်၊ နည်းပညာရှင်တစ်ဦး လိုအပ်နေတယ်။ ဂွာလုပ်မလား? ဟု မေးခဲ့သည်။ ဂွာက “ လုပ်မယ်” ဟု ပြောလိုက်သည်။

သူပြောပြသည်များက၊ မျက်မှောက်ခေတ် ရွှေအလုအယက် တူးယူနေသည့်ခေတ်က အလားတူ သဘောတရားနှင့် ဆင်တူနေခဲ့သည်။ သူသည် တိမ်တိုက်များကဲ့သို့ အလုံးလိုက်ကိုက်သည့်ခြင်များနှင့် ဖြစ်ကတတ်ဆန်းဆောက်လုပ်ထားသည့် တဲအိမ်များတွင် သစ်လုံးများကို မီးရှို့နေခဲ့ရသော ညများအပါအဝင် ရှေးဦးခေတ်မမှီသည့် လုပ်ငန်းခွင် အခြေအနေများကို ပြန်ပြောင်းပြောပြခဲ့သည်။ မိုင်းလုပ်သားများသည် ပေရာနှင့်ချီနက်သောနေရာအထိ လက်ဗလာဖြင့် ပေါက်တူးများကို ကိုင်ကာတူးကြသည်။ “ကျွန်တော်က အပျိုစင် တောအုပ်မှာ နေခဲ့တယ်၊ တောရိုင်းတစ်ကောင်လို နေထိုင်ခဲ့တယ်” ဟု သူက ဆိုသည်။

သူနှင့် မြန်မာနိုင်ငံရှိ အခြားတရုတ်အလုပ်သမားများသည် တရုတ်နိုင်ငံ၏ အစိုးရပိုင်သတ္တုတွင်းလုပ်ငန်းစုကြီးများသို့ တိုက်ရိုက် သို့မဟုတ် ကုန်သွယ်ရေးကြားခံများမှတဆင့် ရောင်းချပေးသည့် လိုင်စင်မဲ့ အသေးစားကိုယ်ပိုင်သတ္တုတွင်းလုပ်ငန်းအစုကွန်ရက်များ ဖြစ်ကြောင်းဖော်ပြခဲ့သည်။

ငွေသားကို မည်သို့လက်ခံရရှိကြောင်းကို မေးသည့်အခါ “တောင်ကိုတူးပြီး ရောင်းဖို့သာ တာဝန်ရှိတယ်” “ ကျန်တာ ငါ့ကိစ္စမဟုတ်ဘူး” ဟု ဂွာက ဆိုသည်။ ကုလသမဂ္ဂ ကုန်သွယ်မှု အချက်အလက်များအရ မြန်မာနိုင်ငံမှ တင်သွင်းမှုသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ အဆတစ်ရာနီးပါး တိုးမြင့်လာခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံအတွက် တစ်ခုတည်းသော အကြီးစားမြေရှားသတ္ထုများအတွက် မြန်မာနိုင်ငံက ထောက်ပံ့မှုသည် ထက်ဝက်နီးပါးရှိကြောင်း တရုတ်အကောက်ခွန်အချက်အလက်နှင့် ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များအရ သိရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က မြန်မာနိုင်ငံတွင် မိုင်း နှစ်ခု သုံးခု မျှသာ ရှိခဲ့ပြီးနောက် ဒါဇင်နှင့်ချီ၍ ရှိလာခဲ့သည်။

ယနေ့တွင် ရာနှင့်ချီ ရှိနေပြီဖြစ်ပြီး မကြာမီ ထောင်ပေါင်းများစွာရှိမည်ဟု ဂူအိုက ခန့်မှန်းထားသည်။ ဤအရှိန်အဟုန်ဖြင့် ထုတ်လုပ်ပါအ မြန်မာနိုင်ငံရှိ မြေရှားသတ္ထုများ မကြာမီ အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားတော့မည်ဟု ခန့်မှန်းရပါသည်။

သို့သော် ဂွာသည် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း သို့မဟုတ် နိုင်ငံရေးကို အနည်းငယ်မှ ဂရုမစိုက်ပါ။ “သူတို့က အနာဂတ်မျိုးဆက်တွေအကြောင်း ပြောနေကြတယ်၊ ငါက ဒီနေ့ ရှင်သန်ရေးအကြောင်းကိုပဲ ပြောတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့က ငွေရှာနိုင်မလားဆိုတာပဲ ကြည့်တယ် ရှင်းရှင်းပဲ” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် “အနစ်နာခံရပ်ဝန်း” သို့မဟုတ် ကမ္ဘာ၏ ကောင်းကျိုးအတွက် သူ့ကိုယ်သူ ဖျက်ဆီးခံနေရသည့်နေရာအဖြစ် နာမည်ရလာရခြင်းသည် လွန်ခဲ့သောနှစ်အနည်းငယ်က တောင်တောတောင်များဖုံးလွှမ်းထားသည့်နေရာများတွင် အဆိပ်အတောက်ရှိသော စိမ်းပြာရောင်ရေကန်များကို ကောင်းကင်မှ မြင်နိုင်သည်။ မြန်မာနိုင်ငံရှိ မြေရှားသတ္ထုများ၏မြေစေးများသည် ပျော့ပျောင်းပြီး မျက်နှာပြင်နှင့် နီးသောကြောင့် ဤဓာတုပစ္စည်းများကို အလွယ်တကူ စုပ်ယူနိုင်သည်။

Global Witness မှ ပေးအပ်သော ဂြိုလ်တုပုံရိပ်များသည် သီးခြားနေရာ ၃၀၀ နီးပါးတွင် ယင်းရေကန်များအနက် ၂၇၀၀ ကျော်ကို ပြသခဲ့သည်။ သတ္တုတွင်းလုပ်သားများနှင့် ဒေသခံ တက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်အရ မြေပြိုကျပြီး မြေကြီးများကို အဆိပ်သင့်စေသည့် သတ္တုတွင်းတူးဆေးများသည် မြန်မာနိုင်ငံ၏ အဓိကမြစ်လက်တက်များကို ညစ်ညမ်းစေခဲ့သည်။ ရေကို သောက်သုံး၍မရတော့ဘဲ ကျား၊ သင်းခွေချပ်နှင့် ပန်ဒါနီတို့ကဲ့သို့သော မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ ထိုဒေသမှ ထွက်ပြေးလာကြသည်။

Global Witness မှ ပေးအပ်သော ဂြိုလ်တုပုံရိပ်များက မြေရှားသတ္တုထုတ်လုပ်သည့်နေရာများကို တွေ့ရစဉ်

ပုံစာ။ ကျား၊ သင်းခွေချပ်နှင့် ပန်ဒါနီတို့ကဲ့သို့သော မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ (AP Illustration/Peter Hamlin)

မိုင်းတွင်းဗဟိုမှ ၁၅ မိုင်ခန့်အကွာ မြစ်ကမ်းဘေးတွင် နေထိုင်သော ရွာသားတစ်ဦးက ၎င်း၏ဇနီးသည် “ အရင်က ငါးဖမ်းရောင်းစားတယ်။ အခုက ငါးလည်း နည်းသွားပြီ။ အဲ့ဒီငါးတွေစားရင် ဖျားနာတဲ့အတွက် တခြားနေရာကနေ ငါးတွေကို ဈေးကြီးပေးပြီး ဝယ်စားရတယ်။ ရေထဲကို ဝင်တိုင်း ခြေဖဝါးတွေ ယားယံလာတတ်ပါတယ်” ဟု သူက ဆိုသည်။

“ချောင်းတလျှောက်မှာ ငါးတွေ၊ ငါးလေးတွေတောင် မရှိဘူး” ဟု အမည်မဖော်လိုသူ ရွာသားတဦးက ပြောသည်။ “ အရာအားလုံး ဆိတ်သုဉ်းသွားပြီ။” တပ်မတော် ကျောထောက်နောက်ခံပြုထားသော နယ်ခြားစောင့်တပ် သို့မဟုတ် အနည်းဆုံး ပြည်သူ့စစ်များက မြောက်ပိုင်း တောတောင်နယ်များတွင် စိုးမိုးသောင်းကျန်းနေခဲ့သည်။

အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ခံနေရပြီး ပြည်သူ့စစ်များထံမှ မြေရှားသတ္ထုမှ ရသည့်ငွေများကို အရပ်သားတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်နေသည်။ လက်နက်ကိုင် ပြည်သူ့စစ်များ ထိန်းချုပ်ထားသဖြင့် ရွာသားများသည် ၎င်းတို့၏ မြေယာကို ကာကွယ်ရန် အခွင့်အရေး မရှိပေ။

ဖာလာစေ့အမဲ၊ သစ်ကြားသီးနှင့် တိရစ္ဆာန်များအတွက် လိုအပ်သောမြေများတွင် မြေရှားသတ္ထု တူးဖော်ခြင်းနှင့် စမ်းသပ်ခြင်းများ၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ကျေးရွာခေါင်းဆောင်များက တိုင်ကြားသောအခါ နယ်ခြားစောင့်တပ်နှင့် မဟာမိတ်အဆင့်မြင့် ပြည်သူ့စစ်ခေါင်းဆောင်က ဒေါသတကြီး ဆင့်ခေါ်ခဲ့သည်။ မြေရှားသတ္ထု တူးဖော်ရေးမှာ ကျေးရွာသားတို့၏ သဘောတူညီချက်ရှိရှိ မရှိရှိ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။

AP သို့ မျှဝေပြီး အတည်ပြုထားသည့် Global Witness မှ ရရှိသော ဇန်နဝါရီလ အစည်းအဝေးမှတ်တမ်းအရ ပြည်သူ့စစ်ခေါင်းဆောင်က “ခင်ဗျားတို့ ရွာခေါင်းဆောင်တွေက ဒီပြဿနာ (မြေရှားသတ္ထု တူးဖော်ခြင်းကို ကန့်ကွက်နေတာ) ကိုဖြေရှင်းသင့်တယ်” ဟု ရွာခေါင်းဆောင်များကို ညွှန်ပြရင်း သူက အော်လိုက်သည်။ “မဟုတ်ရင် လူတွေကို သတ်ပစ်ရမယ်။ ငါ့ကို လျှော့မတွက်နဲ့။ ငါက ကလေးမဟုတ်ဘူး၊ ဒါက ကလေးကစားစရာ မဟုတ်ဘူး။” ဟု ခြိမ်းခြောက်ခဲ့သည်။

မြန်မာစစ်တပ်၊ ပြည်သူ့စစ်ပိုင် သတ္တုတူးဖော်ရေး ကုမ္ပဏီများနှင့် ပြည်သူ့စစ်ခေါင်းဆောင်များက မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တုံ့ပြန်ခြင်း မရှိပေ။

ထိုအတောအတွင်း သတ္တုတူးဖော်ရေးစီမံကိန်းများသည် ရွာသားများ၏ မြေယာနှင့် နီးကပ်လာမှုကို ကာကွယ်ရန် ကြိုးစားနေပါသည်။ “ကျွန်တော်တို့ မတိုင်ကြားရဲဘူး” ဟု ၎င်း၏ လုံခြုံရေးအတွက် အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။ “တစ်ခုခုပြောရင် သူတို့က ငါတို့ကို ရိုက်တယ်။ ငါတို့ထောင်ထဲမှာ မနေချင်ဘူး”ဟု သူက ပြောသည်။

ပြည်သူ့စစ်များနှင့် စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ နယ်နိမိတ်ကို ခေတ်သစ် အနောက်တိုင်း အရိုင်းခေတ်အဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး သေးငယ်သော ကိုယ်ပိုင်စိုးမိုးထားသောနယ်မြေ တစ်ခုစီသည် ဤနယ်မြေတဝိုက် ၎င်းတို့၏ အကျိုးအမြတ်များကို ရရှိရန် တောင်းဆိုခဲ့ကြသည်။ “(ငွေ) က လူကောင်းမဟုတ်တဲ့လူတွေဆီ ရောက်သွားရမှာပဲ” ဟု အမည်မဖော်လိုသည့် တရုတ်သံလိုက်ထုတ်လုပ်သည့် ကုမ္ပဏီမှ အမှုဆောင်တစ်ဦးမှ အကဲဆတ်သည့်အကြောင်းအရာအတွက် အမည်ကို မပြောဆိုရန် တောင်းဆိုခဲ့သည်။ “ အဲဒီနေရာက ထွက်နိုင်ဖို့လမ်းမရှိဘူး။” တရုတ်နိုင်ငံမှ မိုင်းတွင်းလုပ်သားတစ်ဦးဖြစ်သူ ဒေါင် (Dong) အတွက်တော့ မြန်မာနိုင်ငံတွင် လမ်းမများပေါ်တွင် တန်းစီနေသော လက်နက်ကိုင်များထံ ဒေါ်လာရာနှင့်ချီသော ငွေများပေးနေရခြင်းသည် စီးပွားရေးလုပ်ရန် ဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။

“မြန်မာပြည်ထဲကို ဝင်ဖို့ သင်က ငွေပေးရမယ်” ဟု အကဲဆတ်သော အကြောင်းအရာကို ပြောရန် ၎င်း၏ အမည်ကို ထုတ်ဖော်ရန် ငြင်းဆိုခဲ့သည်။ “ ဒါတွေအားလုံးက ငွေကြေးနဲ့ဆိုင်တယ်။” တရုတ်၏ ဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်သောကြောင့် အမေရိကန် သို့မဟုတ် ဂျပန်တို့ထံ ရောင်းချခြင်းမပြုဘဲ တရုတ်နိုင်ငံသို့သာ ရောင်းချနိုင်သည်ဟု ရဲများက ပြောခဲ့ကြောင်း ဒေါင်က ပြောကြားခဲ့သည်။ သူသည် အက်ဆစ်များ ပြင်းထန်လွန်းသဖြင့် ၎င်း၏ မြေထိုးစက်များနှင့် တူးစက်များ၏ ပေါက်တူးများကို ကြေမွသွားအောင် အက်ဆစ်များက တိုက်စားပျက်စီးမှုမျိုးကို သူ့အနေနှင့် ယခင်က မမြင်ခဲ့ဖူးပေ။ “ဒီအရာတွေက မယုံနိုင်စရာပါပဲ” ဟု ၎င်းက ဆိုသည်။ “သေချာပေါက် ညစ်ညမ်းစေတယ်” ဟု မှတ်ချက်ချသည်။

မြန်မာနိုင်ငံမှ မြေရှားသတ္ထုမြေများ ကမ္ဘာအနှံ့သို့ ပို့ဆောင်နေသဖြင့် ၎င်းတို့သည် လက်ဆင့်ကမ်းမှုများစွာကို ဖြတ်သန်းခဲ့ကြသည်။ အပျက်အဆီးအရှိဆုံး သတ္တုတွင်းသည် အပူဒဏ်ခံနိုင်စေရန် အားကောင်းသော သံလိုက်များ ပြုလုပ်ရန် အရေးကြီးသော လေးလံသော မြေရှားသတ္ထုများအတွက် ဖြစ်သည်။

သတ္တုရိုင်းများကို မြန်မာနိုင်ငံမှ တရားမဝင် မိုင်းတွင်းများမှ တရုတ်နိုင်ငံ တောင်ပိုင်းသို့ နယ်စပ်ဖြတ်၍ ကုန်တင်ဆောင်ကာ နိုင်ငံပိုင်ကုမ္ပဏီများက ၎င်းတို့ကို ထည့်ထားသည့် ထောင်နှင့်ချီသော အိတ်များကို ဝယ်ယူကြသည်။ ၎င်းတို့ထဲတွင် Minmetals ၊ China Southern Rare Earth နှင့် Rising Nonferrous Metals တို့ ပါဝင်သည်။

China Southern ကုမ္ပဏီ၏ မြေရှားသတ္ထုမြေရိုင်း ၇၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှ ထွက်လာပြီး ၃၀ ရာနှုန်းသည် အဟောင်းတို့ကို ပြန်လည်အသုံးပြုခြင်း ဖြစ်သည်ဟု ဂျန်ရှီအကောက်ခွန်အရာရှိ လလီယိုဂျင်ဂျင်း (Liu Jingjing) က စာတမ်းတစ်စောင်တွင် ရေးသားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္ထု ပရိုဆက်ဆာများထဲမှ China Southern သည် တရုတ်နိုင်ငံတွင် သတ္တုတူးဖော်ခြင်း မရှိဟု လီယို၏ စာတမ်းအရ သိရသည်။ ကုမ္ပဏီ၏ပို့စ်တစ်ခုတွင် ၎င်းသည် “ပြည်ပမှ မြေရှားသတ္ထုသယံဇာတများကို သိမ်းယူခြင်း” နှင့် မြန်မာနိုင်ငံမှ သွင်းကုန်များကို ဖွင့်ပေးထားကြောင်းတို့ကို မီးမောင်းထိုးပြထားသည်။

အခြားအဓိကထုတ်လုပ်သူဖြစ်သည့် Minmetals သည် မကြာသေးမီက နှစ်စဉ်အစီရင်ခံစာများတွင် ရှယ်ယာရှင်များအား ပြည်ပမှတင်သွင်းမှုအပေါ် များစွာမှီခိုနေရကြောင်း သတိပေးခဲ့ပြီး တရုတ်နိုင်ငံရှိ ၎င်း၏အဓိကမိုင်းတွင်းစီမံကိန်းတစ်ခုသည် အလုံအလောက် မထုတ်လုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

တတိယကုမ္ပဏီ Rising Nonferrous သည် ၎င်းတို့၏ ကုန်သွယ်လုပ်ငန်းခွဲသည် မြန်မာနိုင်ငံတွင် မြေရှားသတ္ထုရိုင်းများ တင်သွင်းရန် တရုတ်အကောက်ခွန်ထံမှ ခွင့်ပြုချက် ရရှိထားကြောင်း ၂၀၂၀ ခုနှစ်တွင် ၎င်းတို့၏ဝဘ်ဆိုဒ်တွင် ရေးသားခဲ့သည်။ ကုမ္ပဏီသုံးခုစလုံးသည် မှတ်ချက်ပေးရန် တောင်းဆိုသော ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် ဖက်စ်များကို တုံ့ပြန်ခြင်း မရှိပါ။

ထိုကုမ္ပဏီများမှ အဓိက သံလိုက်ကုမ္ပဏီကြီး သုံးခုဖြစ်သည့် Yantai Zhenghai Magnetic Material၊ JL MAG နှင့် Zhong Ke San Huan တို့ကို မြေရှားသတ္ထုများကို ထောက်ပံ့ပေးခဲ့ကြောင်း သဘောတူညီချက်များက ဖော်ပြသည်။ Rising Nonferrous သည် တိုကျိုအခြေစိုက် TDK နှင့် ဖက်စပ်လုပ်ငန်းဖြစ်သော Guangdong TDK နှင့် ကမ္ဘာ့အကြီးဆုံး ဆဲလ်ဖုန်း၊ လက်ပ်တော့နှင့် ဟာ့ဒ်ဒရိုက် အစိတ်အပိုင်းများနှင့် Apple နှင့် Samsung တို့ကို ပေးသွင်းသူဖြစ်သည်။ TDK နှင့် သံလိုက်ကုမ္ပဏီများသည် မှတ်ချက်ပေးရန် တောင်းဆိုချက်များကို တုံ့ပြန်ခြင်း မရှိပါ။

သတ္တုရိုင်းများသည် သံလိုက်များအဖြစ်သို့ ပြောင်းလဲလာရန် ၎င်းကို ခွဲထုတ်သန့်စင်ပါက အရည်ပျော်သွားကြောင်း မိုင်းလုပ်သားများနှင့် သံလိုက်အင်ဂျင်နီယာများနှင့် တွေ့ဆုံမေးမြန်းမှုများအရ သိရသည်။ လမ်းတစ်လျှောက်တွင် မတူညီသော အရင်းအမြစ်များမှ ပစ္စည်းများ ရောနှောသွားလေ့ရှိပြီး မြန်မာနိုင်ငံမှ မြေရှားသတ္ထုရိုင်းများကို တိကျသော သံလိုက်အုပ်စုတစ်ခုသို့ တင်ပို့မှုအား ခြေရာခံရန် ခက်ခဲစေသည်။

တရုတ်နိုင်ငံမှ သံလိုက်ထုတ်လုပ်သူများသည် ၎င်းတို့၏ မြေရှားသတ္ထုများ ဘယ်ကလာမှန်း မသိကြဘဲ နိုင်ငံစုံကုမ္ပဏီများစွာကလည်း မမေးမြန်းကြကြောင်း ကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦးက မှတ်ချက်ပြုသည်။ “မြေရှားသတ္ထုတွေကို ဘယ်ကရလာသလဲဆိုတဲ့ မေးခွန်းမျိုး တစ်ခါမှ မမေးခဲ့ဖူးဘူး”ဟု အမည်မဖော်လိုသည့် အင်ဂျင်နီယာက ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ “ စိုးရိမ်စရာ ရှိသင့်ပေမယ့် စက်မှုလုပ်ငန်းအတွင်းမှာ စိုးရိမ်စရာအဖြစ် စဉ်းစားခဲ့တာ မရှိပါဘူး။”

သံလိုက်ကုမ္ပဏီများသည် ကြားခံအစိတ်အပိုင်းများကို ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် ရောင်းဝယ်ရေးကုမ္ပဏီများအပြင် နာမည်ကြီးတံဆိပ်ရှိသည့်ကုမ္ပဏီများထံကို မြေရှားသတ္ထုများ ပေးသွင်းကြသည်။ မြေရှားသတ္ထုများသည် သုံးစွဲသူထံမရောက်ခင် ပိုမိုများပြားသည့် ထောက်ပံ့ရေးကွင်းဆက်ကုမ္ပဏီများကို အဆင့်ဆင့် ဖြတ်သန်းခဲ့ရသည်။

“ဒီလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုက အရမ်းနည်းပါးညံ့ဖျင်းတဲ့အတွက် ကုမ္ပဏီတွေက မသိကြပါဘူး” ဟု မိန်းတက္ကသိုလ်(University of Maine) မှ မြေရှားသတ္ထုများ မြေအရင်းအမြစ်ရှာဖွေခြင်းဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ ခရစ်တင် ဗီကာဆီ (Kristin Vekasi) က ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်သူများကြားတွင် ဂျင်နရယ်မော်တာ၊ Volkswagen နှင့် မာစီးဒီးတို့က မြေရှားသတ္ထု ပေးသွင်းသူများသည် ကျင့်ဝတ်စည်းကမ်းများနှင့် လုံ့လဝီရိယကို လိုက်နာကြရန် မျှော်လင့်ထားကြောင်း Mercedes မှ ပြောကြားခဲ့ပြီး မြေရှားသတ္ထုများကို ဖယ်ရှားနိုင်ရန်အတွက် မော်တာအသစ်များကို ဒီဇိုင်းထုတ်ထားကြောင်း Mercedes က ပြောကြားခဲ့သည်။ Ford က ၎င်းတို့သည် စာရင်းစစ်များ ထားရှိပြီး မိမိတို့ထံ မြေရှားသတ္ထုများကို တင်သွင်းသူများကို မည်သည့်နေရာမှ ရရှိသည်ကို ထုတ်ဖော်ပြောဆိုရန် တောင်းဆိုခဲ့သည်။

Hyundai က မြန်မာနိုင်ငံမှ မြေရှားသတ္ထုများကို အသုံးပြုခြင်းအား ငြင်းဆိုခဲ့ပြီး Stellantis က “ Stellantis ၏ အကောင်းဆုံး နားလည်ထားမှုအရ” ၎င်းတို့၏ မြေရှားသတ္ထုများကို ရောင်းချသည့် ထောက်ပံ့ရေးကွင်းဆက်များသည် တရုတ်နိုင်ငံတွင်သာ လည်ပတ်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Bosch၊ Brose နှင့် Nidec အပါအဝင် အချို့သော မော်တော်ကား အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီများသည် ၎င်းတို့၏ အစိတ်အပိုင်းများသည် မြန်မာနိုင်ငံမှ မြေရှားသတ္ထုများ ကင်းစင်ကြောင်း သံလိုက်ကုမ္ပဏီများက အာမခံထားသည်ဟု ဆိုသည်။ Continental AG နှင့် BorgWarner ကဲ့သို့သော အခြားသူများက မြေရှားသတ္ထုများကို ပေးသွင်းသူများသည် ၎င်းတို့၏ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်အစိုးရ၏ အမိန့်တစ်ခုသာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ မြေရှားသတ္ထုများကို ခွဲထုတ်ရန် ကုမ္ပဏီများကို တွန်းအားပေးနိုင်ကြောင်း မြေရှားသတ္ထုများ စက်မှုလုပ်ငန်း အဖွဲ့အစည်း (Rare Earth Industry Association) ၏ အထွေထွေအတွင်းရေးမှူး နေဘီးလ် မန်ချီရီ (Nabeel Mancheri) က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့သည် နိုင်ငံတကာဖောက်သည်များအား တရုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်ရန် blockchain-based verification တစ်ခုကို တည်ဆောက်ရန် ကြိုးစားနေပါသည်။

“ တရုတ်ထောက်ပံ့ရေးကွင်းဆက်တွေကို စစ်ဆေးမှု ဘာတခုမျှ မရှိပါ” ဟု သူကပြောသည်။ “ အောက်ပိုင်းက လုပ်ဆောင်နေသူတွေက သူတို့တရုတ်ကုမ္ပဏီတွေဆီက လက်မှတ်ရဖို့ကိုပဲ မှီခိုနေရတယ်။” အီလက်ထရွန်းနစ်ကုမ္ပဏီကြီးများတွင် Samsung က ၎င်းတို့သည် အခွင့်အရေးချိုးဖောက်မှုများ သို့မဟုတ် ပတ်ဝန်းကျင်ပျက်စီးမှုများကို လက်သင့်မခံနိုင်သော်လည်း ၎င်းတို့၏ ပေးသွင်းသူများနှင့်ပတ်သက်သည့် အခြား သီးခြားမေးခွန်းများကို မဖြေကြားခဲ့ပေ။

တိုရှီဘာ၊ ပါနာဆိုးနစ် နှင့် ဟီတာချီတို့က ပေးသွင်းသူများအပေါ် မှတ်ချက်မပေးသော်လည်း လူ့အခွင့်အရေးချိုးဖောက်သည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ကိုင်ခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Thyssenkrupp က ၎င်း၏ သံလိုက်ပေးသွင်းသူအတွက် မြေရှားသတ္တုတွင်းထွက်များ၏ မူလအစအကြောင်း ပိုမိုသိရှိရန် “ အစပြုသည့် အစီအမံများ” ရှိကြောင်း ပြောကြားခဲ့ပါသည်။ မစ်ဆူဘီရှီကဲ့သို့သော အခြားစက်ယန္တရားထုတ်လုပ်သူများက တုံ့ပြန်ခြင်းမပြုပေ။

လေအားတာဘိုင်ထုတ်လုပ်သူများကြားတွင် အမေရိကန်နှင့် ဥရောပရှိ ပရောဂျက်များကို လုပ်ဆောင်နေသော Siemens Gamesa သည် ပေးသွင်းသူများကို ချက်ချင်းစာရင်းစစ်ကာ ၎င်းတို့ကို မြေရှားသတ္ထုပေးသွင်းသူများကို အဆင့်ဆင့် အထက်အထိ ခြေရာခံရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ “ ပစ္စည်းပေးသွင်းသူများထံမှဖြေကြားချက်” တွင် တရုတ်နိုင်ငံမှ မြေရှားသတ္ထုများကိုသာ ပြသခဲ့သည်ဟု ၎င်းကဆိုသည်။

Xinjiang Goldwind ကဲ့သို့သော အခြားလေအားတာဘိုင်ကုမ္ပဏီများက တုံ့ပြန်ခြင်းမရှိပေ။ သို့သော် တရားမဝင် သတ္တုရှာဖွေခြင်းဆိုင်ရာ ကျွမ်းကျင်သူ ကာလင်ဂါ (Klinger) က ကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံမှ မြေရှားသတ္ထုများကို ရှောင်ရှားရန် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်တခုလုံးကို “မြန်မာနိုင်ငံ တရုတ်နှင့် အရှေ့တောင်အာရှပြင်ပတွင်ထားမှသာ ဖြစ်နိုင်ချေရှိသည်” ဟု ပြောကြားခဲ့သည်။ သတ္တုတူးဖော်ရန် ပိုမိုသန့်ရှင်းသော နည်းလမ်းများ ရှိသော်လည်း ပိုမိုကုန်ကျစရိတ်များပြီး ၎င်းတို့သည် ကုန်ပစ္စည်းများ ရရှိရန် တစ်ယောက်နှစ် တစ်ယောက် လည်လှီးနေသော ကမ္ဘာကြီးတွင် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များက မူလအမေရိကန်အတွက် ပဋိပက္ခတွင်းထွက်သတ္တုများ စည်းမျဉ်းများကို တွန်းအားပေးခဲ့သည့် ကွန်ဂရက်လွှတ်တော် အမတ်ဟောင်း မိုက် ကော့ဗ်မန် (Mike Coffman) က ၎င်းသည် ကွန်ဂရက်မတိုင်မီက မြေရှားသတ္ထုတွင်းထွက်ပစ္စည်းများ ပြည်တွင်းထောက်ပံ့မှု တိုးချဲ့မှုကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

တက္ကဆက်ရီပတ်ပလီကင်မှ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကွန်ယန် (John Cornyn) သည် မြေရှားသတ္ထု နှင့် အခြားအရေးပါသော သတ္တုများအတွက် တရုတ်နိုင်ငံအပေါ် အမေရိကန်က မှီခိုအားထားမှုကို လျှော့ချရန် ရည်ရွယ်၍ ယခုနှစ်တွင် အစီအမံကို မိတ်ဆက်ခဲ့သည်။

သို့သော် အခြားရွေးချယ်စရာများသည် အနာဂတ်တွင် ဝေးကွာနေသေးသည်။ ၂၀၂၂ ခုနှစ်တွင် အမေရိကန်နှင့် သြစတြေးလျ အစိုးရနှစ်ရပ်စလုံးသည် ဒေါ်လာသန်းပေါင်းများစွာသော ငွေကြေးထောက်ပံ့မှုဖြင့် ပြည်တွင်းမြေရှားသတ္ထု ပရောဂျက်များကို ကျောထောက်နောက်ခံ ပြုခဲ့သော်လည်း စက်ရုံများသည် တရုတ်နိုင်ငံ၏ လက်ရှိ စွမ်းဆောင်ရည်ထက် နှစ်များစွာနှင့် တန်ပေါင်းများစွာ နောက်ကျကျန်နေပါသည်။

မြေရှားသတ္တုသိုက်ရှိသည့် အခြားနိုင်ငံများသည် ၎င်းတို့နိုင်ငံတွင်းတွင် တူးဖော်ရန် ဝန်လေးနေကြသည်။ ဂရင်းလန်းပါလီမန်သည် ယမန်နှစ်တွင် မြေရှားသတ္ထုများ တူးဖော်ရေးစီမံကိန်းကို ရပ်ဆိုင်းရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဆွီဒင်တွင် အလားအလာရှိသော မြေရှားသတ္ထုသိုက်များ တည်ဆောက်ရန် ကြိုးပမ်းမှုများသည် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်တန့်သွားခဲ့သည်။

လက်ရှိအချိန်မှာတော့ ဖာလာနက်နဲ့ သစ်ကြားသီးတွေ ပေါက်နေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းက ဒေသတခုတွင် ရွာသားများက ဆန္ဒပြနေကြဆဲပါ။ စိမ်းလန်းသောတောင်တန်းများပေါ်ရှိ သစ်ပင်တစ်ပင်အောက်တွင် ရပ်နေသော ရွာသူတစ်ဦးသည် အခြားသူများထံမှ အကူအညီတောင်း၍ မရနိုင်သည့်တိုင် သူတို့ ဘာကြောင့် အသံထွက်ပြောဆိုနေရသနည်းဆိုသည်ကို ရှင်းလင်းပြောပြသည်။

“သူတို့က နေရာတိုင်းမှာ မြေရှားသတ္ထု တွေကို တူးဖော်နေပြီး ရေသောက်ဖို့ မလုံခြုံတော့ဘူး” ဟု သူမက ဆိုသည်။ “ကလေးတွေကို ထောက်ပံ့ဖို့ ဘာမှမရှိဘူး။ စားစရာလည်း ဘာမှမရှိဘူး” ဟု သူမက ဆက်လက်ပြောဆိုခဲ့သည်။

မြေရှားသတ္တုထုတ်လုပ်သည့်နေရာများတွင် တွေ့ရသည့်အက်ဆစ်ကန်များ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ
မြန်မာသတင်း

ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ၊ (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီကျော်အချိန်က နတ်တလင်းမြို့၊ တောင်ညိုကွက်သစ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်းပကဖရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိ (၂)ဦး ဒေါနတပ်ရင်းထံ CDM ပြုလုပ် အလင်း၀င်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁)ရက်နေ့က စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦး CDM ပြုလုပ်ကာ အလင်း၀င်လာခဲ့တယ်လို့ ဒေါနတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦးဟာ ဗျူဟာ
မြန်မာသတင်း

ရှမ်းတောင်မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်အထိရှိကာ အရေးပေါ်အကူအညီတွေ လိုအပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ရှမ်းတောင်ဒေသရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နဲ့ မောက်မယ်မြို့တို့မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်ရှိတယ်လို့ ပအိုဝ်းလူငယ်များအစည်းအရုံး(PYO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းတောင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် တောင်ကြီးခရိုင်အပါအ၀င် လွိုင်လင်မြို့နယ်နဲ့ မောက်မယ်မြို့တို့မှာ ရေကြီးတာ၊ တောင်ပြိုတာနဲ့ မြေပြိုတာတွေကြောင့်
မြန်မာသတင်း

ဖားကန့်မြို့ပေါ် စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အရပ်သား (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲကျော်အချိန်က ဖားကန့်မြို့ပေါ်ရှိ ငှက်ပျောတောရပ်ကွက်ကို စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဒီကနေ့ နေ့လယ် (၁)နာရီ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေ ဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေထဲက (၆)ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၀)ရက်နေ့က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေ၀င်းဟာ မန္တလေးမြို့ထဲက ရွှေဆိုင် (၃)ဆိုင်ကို သွားရောက်ဖို့
မြန်မာသတင်း

ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ (၁၀၀)ကျော်သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်၊ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးစာရင်း ‌မြေပြင်အခြေအနေနဲ့ ကွဲလွဲနေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ သေဆုံးသူ (၁၁၃)ဦးရှိပြီး ဒဏ်ရာရသူ (၁၄)ဦးရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားကာ
မြန်မာသတင်း

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်ကလောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေကို ပစ်ခတ်ခဲ့တယ်လို့ LLPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီလောက် မောင်းမကန်ရဲစခန်းအနီးမှာ တပ်စွဲထားတဲ့